ဇွန် -၂၆၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊စလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ ရှိတယ်လို့ ဒေါင်းစစ်အောင်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၄ ရက်က စပြီး စလင်းမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ မိုးဝန်း၊ သရက်ချဉ်ဂိတ်၊ ကျွဲကျောင်းရွာတွေကပြည်သူ့စစ် စုစုပေါင်းအင်အား ၁၂၀ ပါတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာစစ်အုပ်စုဘက်က ခြောက်ဦး သေဆုံးခဲ့ပြီး ၃၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

Public Service Announcement
စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ ပြည်သူ့စစ်တွေက ပြည်သူ့နေအိမ်တွေက ခိုးယူသွားတဲ့ပစ္စည်းတွေကိုချန်ထားခဲ့ပြီး ထွက်ပြေးဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
“တညောင်ကိုရောက်နေတဲ့ဆိပ်ဖြူစစ်ကြောင်းနဲ့ ဆင်ဖြူကျွန်းနားက ပစ(ပြည်သူ့စစ်နဲ့ စစ်တပ်)က ပူးပေါင်းမယ့်အုပ်စု တိုက်ခံရတာပါ။ဆင်ဖြူကျွန်း-တညောင်လမ်းကို အပြည့်အ၀ ထိန်းချင်တာနဲ့ တညောင်ဓာတ်အားခွဲရုံ ကို ပြန်ပင်ရမှာရှိတယ်”လို့ စလင်းမြို့နယ် ဒေသခံတဦးက တိုက်ပွဲ အခြေအနေကို ပြောပါတယ်။
စစ်တပ်စစ်ကြောင်းကိုစလင်းမြို့နယ် ပကဖ နဲ့ မကွေးခရိုင် ပကဖ တပ်ခွဲများ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စလင်းမြို့နယ် တညောင်တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့စစ်သားနဲ့ပျူစောထီးတွေကို သယ်ဖို့ ဇွန် ၂၃ ရက် ညနေ ပိုင်းကလည်း စလေမြို့အခြေစိုက် အမှတ် ၄၁၆ ခြေမြန်တပ်ရင်း(ခမရ ၄၁၆)က တပ်သားတွေဟာ ဧရာ၀တီမြစ်ကို ရေယာဉ်နှစ်စီး နဲ့ ဖြတ်ကူးစဉ် ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။
စလင်းမြို့နယ်အထက်ပိုင်းက တညောင်ဒေသဟာ ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံတွေ ဖြစ်တဲ့ကပစ ( ၂၁ နဲ့ ၂၅) အပါအ၀င် အမှတ် (၉) လေ ကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာန ချုပ်
(လစခ) တွေကို အဓိက ဓာတ်အားပေးတဲ့ဓာတ်အားခွဲရုံ ရှိပါတယ်။
လက်ရှိမှာ စစ်တပ်စစ်ကြောင်းက တညောင်ဒေသ အနီးက မကြီးစင် ကျေးရွာတဝိုက် တပ်စွဲထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လကလည်း စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းနဲ့ စလင်းမြို့ အရှေ့ဘက်ခြမ်းက ကျေးရွာ ၅ရွာ ကို စစ်တပ်က မီးရှို့ခဲ့ပြီး အသတ်ခံရတဲ့ ဒေသခံပြည်သူ ၃ဦးထက်မနည်းရှိတယ်လို့ စလင်း ပအဖ က ထုတ်ပြန်ထားပါတယ်။
စလင်းမြို့နယ်က စလင်း၊တညောင်၊ဆင်ဖြူကျွန်း စတဲ့မြို့ပေါ် နေရာ အများစုကိုသာ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး ကျန်ဒေသတွေကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားပါတယ်။
ဒါ့အပြင် အခု ၂၀၂၆နှစ်ဆန်းပိုင်က စလင်း၊ဆင်ဖြူကျွန်းမြို့ပေါ် နေရာတွေက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေကဝင်ရောက်စီးနင်းခဲ့တာ ရှိပါတယ်။
ရုပ်သံ-ဒေါင်းစစ်အောင် LPDF


















































