Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လပေါင်းများစွာ ဆန္ဒပြမှုတွေအပြီး ရာထူးက နုတ်ထွက်မယ်လို့ ဆာဘီးယား သမ္မတ ကြေညာ

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

ဆာဘီးယားမှာ အဂတိ တိုက်ဖျက်ရေးကို တောင်းဆိုရာက အစပြုခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၁၈ လ ကြာမြင့်လာတဲ့နောက် ဗူဆစ်က အခုလိုမျိုး လူထုကို အလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတုန်းက ဆာဘီးယားမြောက်ပိုင်းမှာရှိတဲ့ နိုဗီဆက်ဒ်မြို့မှာ ရထားဘူတာ အမိုးခုံးတစ်ခု ပြိုကျပြီး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ အစိုးရရဲ့ အဂတိ လိုက်စားမှု၊ အဆောက်အအုံ အရည်အသွေး ညံ့ဖျင်းမှုတွေကို မျက်ကွယ်ပြုမူတွေကြောင့်လို့ လူထုက ယူဆပြီး အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။ နောက်တော့ အဂတိ တိုက်ဖျက်ရေးကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ စတင်လာသလို အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကြီး အဆင့်ထိ ပြောင်းလဲလာခဲ့ပါတယ်။

အဲဒီလမှာပဲ အာဏာပိုင်တွေက ဆန္ဒပြ ကျောင်းသားတွေကို အင်အားသုံး တုံ့ပြန်ခဲ့တဲ့နောက် အခြေအနေတွေ ပိုပြီး ရှုပ်ထွေးကုန်ပါတယ်။ မြို့တော် ဘဲလ်ဂရိတ်မှာ အစိုးရ ထောက်ခံသူတွေနဲ့ ရဲတွေက သူတို့ကို တိုက်ခိုက်ခဲ့ကြောင်း ဆန္ဒပြသူတွေက စွပ်စွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသား အစုအဖွဲ့ဟာ ဆန္ဒပြ လှုပ်ရှားမှုတွေကို ပိုမို ဦးဆောင်လာသလို အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ဘဲလ်ဂရိတ်သာ မကဘဲ နိုင်ငံအနှံ့အပြားကို ကူးစက်သွားပါတယ်။

Public Service Announcement

Public Service Announcement

လတွေနဲ့ချီ ကြာညောင်းတဲ့ ကာလတလျှောက် ဆန္ဒပြပွဲတွေကို နေရာအနှံ့မှာ အလျဉ်းသင့်သလို ပြုလုပ်ရင်း ပြည်သူတွေက သူတို့တွေ သွေးအေးမသွားကြောင်း ပြသနေခဲ့ပါတယ်။ မတ်လတုန်းကတော့ ဘဲလ်ဂရိတ်မှာ လူ ၃ သိန်းကျော် စုဝေး ချီတက်ခဲ့ကြပြီး နိုင်ငံသမိုင်းမှာ အကြီးမားဆုံး လူထုစုဝေးပွဲကြီးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဆန္ဒပြပွဲတွေကို သီတင်းပတ်အလိုက် စုဝေးကျင်းပတာ၊ ရုတ်တရက် လမ်းတွေကိုပိတ်ပြီး ခဏတဖြုတ် ဆန္ဒပြတာ၊ တက္ကသိုလ်တွေမှာတော့ ကျောင်းသားတွေ အိမ်မပြန်ဘဲ လပေါင်းများစွာ သပိတ်စခန်း ဖွင့်ထားတာမျိုး နည်းလမ်းတွေနဲ့ အစိုးရကို ဆန့်ကျင်ပြခဲ့ပါတယ်။ ဆန္ဒပြသူတွေ အဓိက တောင်းဆိုတာကတော့ နိုဗီဆက်ဒ်မှာ ဖြစ်ခဲ့တဲ့ လူသေမှုတွေအတွက် အဓိက တာဝန်ရှိသူတွေကို ဖော်ထုတ်ပြီး တရားဥပဒေနဲ့အညီ အရေးယူပေးဖို့၊ ယိုယွင်းကျဆင်းလာတဲ့ ဒီမိုကရေစီ စံနှုန်းတွေကို ပြန်လည် မြှင့်တင်ပေးဖို့၊ ကြားဖြတ် ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပပြီး လက်ရှိ အစိုးရ အုပ်စိုးမှုကို အဆုံးသတ်ပေးဖို့ ဆိုတာတွေ ဖြစ်ပါတယ်။

ပြည်သူလူထုက လုံးဝ အလျှော့မပေးဘဲ ကြံ့ကြံ့ခံနေမှန်း သဘောပေါက်သွားတဲ့နောက် ဇွန်လ ၂၇ ရက်နေ့မှာတော့ ဗူဆစ်က လာမယ့် သီတင်းပတ်တွေအတွင်း ရာထူးကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ သူက ဘယ်နေ့မှာ နုတ်ထွက်မလဲ ဆိုတာကို တိတိကျကျ မပြောပေမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လမ်းဖွင့်ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဘဲလ်ဂရိတ်မှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံတဲ့ အစီအစဉ် တစ်ခုမှာတော့ ဗူဆစ်က သူဟာ ဆာဘီးယားရဲ့ သမ္မတအဖြစ် သီတင်းပတ်တချို့ ဆက်ရှိနေပြီး အဲဒီနောက်မှာတော့ နုတ်ထွက်တော့မယ်လို့ အတည်ပြုသွားပါတယ်။ ဗူဆစ်ရဲ့ ဒုတိယ သမ္မတသက်တမ်းဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ ဗူဆစ်ဟာ ရာထူးက နုတ်ထွက်သွားပြီးရင်လည်း နိုင်ငံရေး လောကကို စွန့်ခွာသွားဖွယ် မရှိဘူးလို့ သုံးသပ်ထားပါတယ်။ အသစ် ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ သူ့ပါတီ အနိုင်ရခဲ့ရင် ဗူဆစ်ဟာ သမ္မတပြန်ဖြစ်ခွင့် မရှိတော့ပေမယ့် ဝန်ကြီးချုပ် ရာထူးကို ရယူထားဖွယ် ရှိတယ်လို့ ဆိုပါတယ်။ ဒါဆိုရင် ရာထူး အပြောင်းအလဲသာ ဖြစ်သွားပေမယ့် နိုင်ငံကို စီမံအုပ်ချုပ်ခွင့် အာဏာ အစစ်အမှန်က သူ့လက်ထဲမှာ ဆက်ရှိနေမယ့် သဘောပါပဲ။ ပြီးတော့ သမ္မတသစ်အဖြစ် သူ့ရဲ့ အယုံကြည်ရဆုံး သစ္စာတော်ခံ တစ်ယောက်ယောက်ကို တင်မြှောက်ဖို့ ဗူဆစ်က ကြိုးစားလာဖွယ် ရှိနေပါတယ်။

ဖွဲ့စည်းပုံ ဥပဒေအရ ဆာဘီးယားမှာ သမ္မတ ရာထူးဟာ တကယ်တမ်း ဩဇာမရှိဘဲ အဆောင်အယောင် သဘောလောက်သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗူဆစ်ကတော့ သူ့ရဲ့ပါတီကိုရော၊ အစိုးရအပေါ်မှာပါ အရမ်း အာဏာစက် ဖြန့်ကျက်ထားနိုင်ခဲ့ပါတယ်။ သူဟာ ဆာဘီးယားမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး နောက်တစ်ကြိမ် အဲဒီရာထူးကို ရယူဖို့ စဉ်းစားထားကြောင်းလည်း အရိပ်အမြွက် ပြောဆိုဖူးပါတယ်။ ပြီးတော့ သူ့ရဲ့ အမာခံ နိုင်ငံရေး မဟာမိတ်တွေကလည်း ဗူဆစ်ဟာ ဝန်ကြီးချုပ် ပြန်လုပ်သင့်တယ် ဆိုတာမျိုး ထောက်ခံတဲ့ သဘောထားတွေကို ပိုပြီး အင်တိုက်အားတိုက် ဝါဒဖြန့်လာနေတာကို တွေ့ရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။