အလွတ်တန်းဓာတ်ပုံသတင်းထောက်တစ်ဦးနှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂကျောင်းသူတစ်ဦးကို အကြမ်းဖက်စစ်တပ်က ယနေ့ (ဒီဇင်ဘာ ၁၉ရက်)ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တကသကျောင်းသားဟောင်းများအင်အားစုက ထုတ်ပြန်သည်။
အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဖိုးသား(ခ) ကိုဇော်လင်းထွဋ်သည် ယနေ့ညနေပိုင်းပြုလုပ်မည့် သပိတ်ဆန္ဒပြပွဲသို့ သတင်းရယူရန်အသွား ညနေ ၅နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း ၎င်းရဲ့သူငယ်ချင်းတစ်ဦးက ပြောသည်။

ကိုဖိုးသားနှင့်အတူ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း (လင်းလင်း) လည်း ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု တကသကျောင်းသားဟောင်းများအင်အားစု-University Students’ Unions Alumni Force က ထုတ်ပြန် သည်။
“ကျွန်တော်တို့ တော်လှန်ရေးလုပ်နေအချိန်မှာ အဖမ်းခံရတာတွေ နောက်ဆုံး အသက်အန္တရာယ်ရှိတဲ့ အခြေနေတွေရှိတယ်ဆိုတာပြင်ဆင်ထားကြပါတယ်။ သို့သော် အခုအချိန်မှာ ကျွန်တော်တို့စိတ်အပူဆုံးကတော့ သူတို့ရဲ့ အသက်အန္တရယ်ကို ထိခိုက်မှာ အထူးစိုးရိမ်ပါတယ်” ဟု ကိုဖိုးသား၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

Public Service Announcement
အဆိုပါဖမ်းဆီးခံရသူနှစ်ဦးကို မည့်သည့်နေရာကို ခေါ်ဆောင် ထိန်းသိမ်းထားသည်ကို ယခုအချိန်ထိ မကြားသိရသေးဘဲ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေပြီး စစ်ကောင်စီ၏ လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများ၊ အသက်အန္တရာယ် ထိခိုက်မှုရှိမည်ကို မိသားစုဝင်များက စိုးရိမ်နေကြောင်း တကသကျောင်းသားဟောင်းများအင်အားစုက ထုတ်ပြန်သည်။



















































