ဇွန်-၃၀၊၂၀၂၆။စိုင်းနောင်/People’s Spring
တပ်ရင်းမှူး ပုလဲမောင်ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးအပါအဝင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်မှယာယီရပ်ဆိုင်းထားပြီး အမှုကို စစ်ဆေးနေစဉ်မှာ ယင်းမာပင်ခရိုင်စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေကိုစစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။
ယင်းမာပင်ခရိုင် ၊အမှတ် (၆)တပ်ရင်းမှူးပုလဲမောင် (ခ) ပီတာ ပစ်ခတ်ခံရသည့် ဖြစ်စဉ်ကို စစ်ဆေးနေမှုနဲ့နောက်ဆက်တွဲဆောင်ရွက်မှု အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီနေ့( ဇွန်၃၀)ညပိုင်းမှာသတင်းထုတ်ပြန်ထားတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်က စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းထားပြီး၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်း တွေအပေါ် ဒေသတွင်း ဩဇာလွှမ်းမိုးမှုကင်းစွာဆောင်ရွက်နိုင်ရေးအတွက် ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး အပါအဝင် ယင်းမာပင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို စစ်ကိုင်းတိုင်း စစ်ဌာန၊ ဌာနချုပ်သို့ တိုင်းစစ်ဌာနရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ခေါ်ဆောင်ခဲ့ကာလက်နက်ဖြုတ်သိမ်း ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement
စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း ယင်းမာပင်ခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များကွပ်ကဲမှုကွင်းဆက်မပြတ်တောက်စေရေးအတွက်စစ်ကိုင်းတိုင်းစစ်ဌာနကတိုက်ရိုက် ကွပ်ကဲသွားမယ်လို့ အသိပေးထားတာဖြစ်ပါတယ်။
တပ်ရင်းမှူးပုလဲမောင် (ခ) ပီတာဟာ ဇွန်လ ၂၆ ရက်နေ့က ယင်းမာပင်ခရိုင်စစ်ဌာနမှာ ဗိုလ်စွမ်းသူမောင်ဦးဆောင်တဲ့ ခရိုင်ကွပ်ကဲရေးအစည်းအဝေးတက်ဖို့ စောင့်ဆိုင်းနေစဥ် သေနတ်နဲ့အနီးကပ်ပစ်ခတ် လုပ်ကြံခံခဲ့ရတာပါ။ဗိုလ်စွမ်းသူမောင်ရဲ့ PA ရဲဘော် ငဖြိုးက ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ရဲဘော် ငဖြိုးကို ဗဟိုစစ်အချုပ်ထောင်မှာပြောင်းရွှေ့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါအပြင် ခရိုင်ကွပ်ကဲရေးမှူးဗိုလ်စွမ်းသူမောင်အပါအဝင် ၇ ဦးကို ဇွန် ၂၈ ဖမ်းဆီး ထိန်းသိမ်းခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် ။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံသတ်ဖြတ်ခံရမှုအတွက် တရားမျှတမှုရှိရေး၊ ကျူးလွန်သူများအား ထိရောက်စွာ အပြစ်ပေးအရေးယူ နိုင်ရေးအတွက် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ အမှတ်(၁) စစ်ဒေသအပြင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ အသီးသီးက ထုတ်ပြန်တောင်းဆိုထားပါတယ်။
စုံစမ်းစစ်ဆေးရေးခုံရုံးအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကိုစတင်ဆောင်ရွက်နေပြီဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ့ရှိချက်များအပေါ်မူတည်ပြီး စစ်ဥပဒေ၊လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်တရားရုံး (သို့မဟုတ်) စစ်ခုံရုံးမှာ စစ်ဆေးစီရင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့အသိပေးထားပါတယ်။


















































