ဇူလိုင် ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ သက်ကြီးအဘိုးအို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
KNU တပ်မဟာ(၁)နယ်မြေဖြစ်တဲ့ ဇီးကုန်းရွာကို စစ်တပ်က ဇူလိုင် ၃ရက် နေ့လည်ပိုင်းမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူနေထိုင်ရာကို ပစ်မှတ်ထား တိုက်ခိုက်လာတာဖြစ်ပြီး ဒီလို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၈၀ ကျော်အဘိုးအို ဒဏ်ရာရကာ နေအိမ်နဲ့ ကား၁စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ(၁)နယ်မြေ ကျိုက်ထို၊ ဘီးလင်းစတဲ့ဒေသတွေက ကျေးရွာတွေကို လေယာဉ်ဗုံးကြဲတာ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။
ဇွန်လ ၂၄ရက်ကလည်း ကျိုက်ထိုမြို့နယ်က ဆင်တွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ ၁၈ရက်ကလည်း ကျိုက်ထိုမြို့နယ် ချောင်းစောင့်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ကုန်စုံဆိုင်ကို ထိမှန်ပြီး ဆိုင်ပိုင်ရှင်အမျိုးသား သေဆုံးကာ ဇနီးသည် ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လ ၅ရက်ကလည်း စစ်ကောင်စီရဲ့ တပ်မ(၄၄)က ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက်(၄၄)နှစ်အရွယ် အမျိုးသား သေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU သထုံခရိုင် ဘီးလင်းမြို့နယ် ပဏ္ဍိကုန်းကျေးရွာကိုလည်း ဇွန်လ ၂၂ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ကိုယ်ဝန် ၇လသား အမွှာပူး သမီး ၂ဦးလွယ်ထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ (၁၁)နှစ်အရွယ် ကလေးငယ် သေဆုံးကာ ကလေးငယ်အပါအဝင် ၂ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီဖြစ်စဉ်အားလုံးမှာ စစ်တပ်ဟာ တိုက်ပွဲမရှိဘဲ အရပ်သားနေထိုင်ရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပြပါတယ်။


















































