ဇူလိုင်-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့နယ်အတွင်းက PDF တွေရဲ့ရှေ့တန်းစခန်းအချို့ကနေ ဆုတ်ခွာထားပေမယ့် ကသာမြို့အနီးက စစ်တပ်စခန်းတွေကို တိုက်ခိုက်မှုအတွင်း စစ်သားအချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန်ရေးတပ်တွေထံကနေသတင်းရရှိပါတယ်။
ဇူလိုင်လဆန်းပိုင်းမှာ စစ်ကိုင်းတိုင်း၊ ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီး တိုက်ပွဲတွေဖြစ်ခဲ့ပြီး အင်းတော်မြို့က အဓိကစခန်းအချို့ကနေ တော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။
“အင်းတော်ထဲက မဲဇာကနေ ဆုတ်ခဲ့တယ်။ ကသာကိုတော့ဝင်ချတယ်။မြို့နားအထိ။ တိုက်ပွဲတွေဆက်ရှိနေတယ်” လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement
အင်းတော်မြို့နယ်အတွင်းတိုက်ပွဲမှာမြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်က မဲဇာရွာနဲ့ နန့်သဲရွာကနေ တော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့ရတာလို့သိရပါတယ်။ အာဏာသိမ်းစစ်တပ်က ဇူလိုင်လ ၁ ရက်နေ့မနက်ကစပြီးလေကြောင်းပစ်ကူနဲ့ စစ်ကြောင်းထိုးခဲ့တာပါ။
၄ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးတော်လှန်ရေးတပ်တွေဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ မဲဇာရွာအနီးကတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က အင်းတော်မြို့နယ်အနောက်ခြမ်းကို ထိုးစစ်ဆင်နေသလို ကောလင်းမြို့နဲ့ ဝန်းသိုမြို့ (ခမရ ၁၁၁)ကနေ လည်း စစ်ကြောင်းတွေထွက်လာပြီး နှစ်ဖက် ပိတ်ပြီး စစ်ကြောင်းထိုးခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။
စစ်တပ်က အင်းတော် မြို့နယ်ကို အလုံးစုံစိုးမိုးဖို့ကြိုးစား နေတာလို့ ဒေသခံ တွေကပြောပါတယ်။
ဒါပေမယ့် ကသာမြို့အနီးကစစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာတော့ စစ်တပ်ဘက်က အရာရှိအချို့နဲ့ရဲတပ်ဖွဲ့ဝင်တွေပါသေဆုံးတယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေး ရဲဘော်တွေကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်နဲ့ မော်လူးမြို့ကို စစ်တပ်စစ်ကြောင်းတွေ ဝင်လာတဲ့ မတ်လကုန်နဲ့ ဧပြီလဆန်းကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။မြို့ထဲကို စစ်ကြောင်းတွေဝင်လာချိန်မှာ အရပ်သားတွေကိုဖမ်းဆီးလာပြီးလူသားတံတိုင်းအဖြစ် အသုံးချခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာတွေကိုဗုံးကြဲလို့ အရပ်သားအချို့သေဆုံးခဲ့တဲ့အပြင် မေလ ၂၀ရက်ညက အင်းတော်မြို့အနီးက စစ်သုံ့ပန်းတွေထားတဲ့ အချုပ်ခန်းနေရာကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့စစ် သုံ့ပန်း၅ဦး သေဆုံးသွားပါတယ်။
မေလအတွင်းကတိုက်ပွဲတွေမှာ မန္တလေး- မြစ်ကြီးနားကားလမ်းအတိုင်းရှိနေတဲ့ တကောင်း၊ ထီးချိုင့် နဲ့ ကသာမြို့နယ်တွေကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကိုပြည်သူ့ကာကွယ်ရေးတပ်တွေကFPV ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့ စစ်တပ်အထိနာခဲ့ပါတယ်။ ဇွန်လထဲမှာ စစ်တပ်ကလေကြောင်းကနေ အားဖြည့်ပြီး ယခုရက်ပိုင်းအတွင်း မြို့ပြင်တွေဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ စစ်ကောင်စီတပ်က အင်းတော်နဲ့မော်လူးမြို့နယ်နေရာအများစုကိုထိန်းချုပ်ထားနိုင်တဲ့အခြေအနေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မော်လူးမြို့ဟာ အင်းတော်မြို့နယ်ရဲ့ မြို့နယ်ခွဲဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်မှာထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲက တကောင်းမြို့ကို ပြီးခဲ့တဲ့မတ်လမှာ စစ်တပ်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် တကောင်း-ထီးချိုင့်-အင်းတော်- မော်လူးမြို့လမ်းကြောင်းအတိုင်း လေကြောင်းနဲ့လက်နက်ကြီးပစ်ကူယူပြီး စစ်ကြောင်းတွေဝင်ရောက်လာတာဖြစ်ပါတယ်။
ထိန်းချုပ်ဒေသကနေတော်လှန်ရေးတပ်တွေဆုတ်ခွာနေရတဲ့အပေါ် ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့ အတွက် အလေးထားစဉ်းစားခဲ့ရတာတွေကြောင့် တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတာတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောထားပါတယ်။ဒါဟာ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေဖြစ်သလို ရှေ့ဆက်ရမဲ့ ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်းတာလဲဖြစ်တယ်လို့လည်း ပြောကြားထားပါတယ်။လက်ရှိမှာကသာမြို့နဲ့ ဆက်စပ်နေတဲ့ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

















































