Connect with us

Hi, what are you looking for?

သတင်း

SCEFစစ်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ တွေအဖြစ် KIO နဲ့ KNU စစ်​ရေး​ခေါင်း​ဆောင်​တွေတာဝန်ယူ

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

(KNU/KNLA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ ၊ ရဲ့KIO ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဂမ်ရှောင် နဲ့ NUG ကာကွယ်​ရေးဝန်ကြီး ဦးရည်မွန် )

■အတွင်းရေးမှူးအဖြစ်NUG ကာကွယ်ရေးဝန်ကြီးတာဝန်ယူ

■စစ်ရေးအစီအမံတွေအ​ကောင်အထည်​ဖော်ရာမှာSCEFအဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်း​လုပ်ကိုင်မယ်

ဩဂုတ်-၁၀၊၂၀၂၆။ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

SCEF ရဲ့မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီခေါင်းဆောင်တွေဟာ သြဂုတ် ၇ ရက်မှာ ပူးတွဲအစည်းအဝေးပြုလုပ်ပြီးစစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီပူးတွဲ ဥက္ကဋ္ဌ ၂ဦး၊ အတွင်းရေးမှူး ၁ဦး နဲ့တွဲဖက်အတွင်းရေးမှူး ၂ဦးတို့ ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်းဩဂုတ် ၈ရက်မှာ SCEFကထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင်ရှေ့ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေနဲ့ မဟာဗျူဟာမြောက် ပန်းတိုင်များကို ပေါင်းစပ်ညှိနှိုင်းပြီးတော့ ထိရောက်စွာ အကောင်အထည်ဖော်ဖို့အတွက်လည်း သဘောတူခဲ့ကြတယ်လို့ SCEFက ထုတ်ပြန်ပါတယ်။

“SCEF ရဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကိုကျနော်တို့ အစုအဖွဲ့ အသီးသီးကနေ စေလွှတ်တဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ထိပ်တန်းပုဂ္ဂိုလ်တွေကိုကော်မတီအနေနဲ့ ကျနော်တို့ ဖွဲ့ထားတာ။အဲဒီမှာလုပ်ငန်းစဉ် ဆက်သွားဖို့ ဆိုပြီးတော့မှ ကျနော်တို့ ပူးတွဲဥက္ကဋ္ဌ နှစ်ဦးရယ် ပြီးတော့ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူးဆိုပြီးတော့မှ နောက်ပြီးတော့မှ ကျန်တဲ့ အဖွဲ့ဝင်တွေကို လုပ်ငန်းခွဲပြီးတော့ဖွဲ့ထားတာမျိုးပေါ့။ပူးတွဲဥက္ကဋ္ဌကို KIOနဲ့ KNUနဲ့ စေလွှတ်ထားတဲ့ထိပ်ပိုင်းပုဂ္ဂိုလ်တွေပေါ့။အတွင်းရေးမှူးကတော့NUGကကာကွယ်ရေးဝန်ကြီး စသဖြင့် ပြီးတော့တွဲဖက်ကိုတော့ CNF ဘက်က တာဝန်ရှိ ပုဂ္ဂိုလ်တွေပေါ့နော်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ပူးတွဲဥက္ကဋ္ဌတွေရဲ့အမည်တွေကိုတော့ ဆလိုင်းထက်နီက အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

People’s Spring အနေနဲ့ SCEF ရဲ့ ပူးတွဲဥက္ကဋ္ဌ တာဝန်ယူထားတဲ့ KIOနဲ့ KNU ရဲ စစ်ရေးထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အမည်ကို KIO/KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာနဲ့ KNU/KNLA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ လို့ ကနဦးဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ SCEF စစ်ရေးကော်မတီမှာပါဝင်တဲ့ KIO ကိုယ်စားပြုခေါင်းဆောင်ဟာ KIA စစ်ဦးစီးချုပ်မဟုတ်ဘဲ အဖွဲ့ရဲ့KIO ဒုဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကဦးဆောင်တာဝန်ယူထားတာလို့ သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

SCEF အဖွဲ့ဝင်တွေကတော့ KNU၊ KIO၊ KNPP၊ CNF၊ NUGနဲ့ CRPH တို့ ဖြစ်ကြပြီး ၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်​တွေနဲ့ဖွဲ့စည်းထားတဲ့-CRPHက စစ်ရေးပိုင်းစုဖွဲ့မှုမှာ ပါဝင်ခြင်းမရှိဘဲ ကျန်တပ်တွေကစစ်ရေးခေါင်းဆောင်တွေဟာ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီမှာ ပါဝင်ကြတာဖြစ်ပါတယ်။

“အဓိကကတော့ စစ်ရေးမှာသူတို့က တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေပေါ့။ သူတို့ရဲ့ အထက်မှာ မူဝါဒအရ ဂိုက်လိုင်းပေးမယ့် ဘော်ဒီကတော့ ၇ ဦး ကောင်စီဝင်တွေပေါ့နော်။ မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ပါ”လို့ ဆလိုင်းထက်နီက ရှင်းပြပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ကို NUG ယာယီသမ္မတ၊ပြည်ထောင်စုဝန်ကြီးချုပ်၊ CRPHဥက္ကဋ္ဌ နဲ့ KNU၊ KNPP၊ KIO၊ CNF အဖွဲ့တွေကဥက္ကဋ္ဌတွေပါဝင်ဖွဲ့စည်းထားတာပါ။

စစ်ရေးဖော်ဆောင်ရာမှာစစ်တိုင်းနယ်မြေတွေ သတ်မှတ်ပြီးစစ်ဒေသအလိုက်လက်တွေ့ကျကျ ဟန်ချက်ညီညီ အလုပ်လုပ်ဆောင်နိုင်ရေး ကိုင်တွယ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

“အဲဒီမှာစစ်တိုင်းနယ်မြေဆိုတာအဲဒီလို ခွဲထားကြတာ။ဒါပေမဲ့အကောင်အထည်ဖော်တဲ့နေရာမှာ One Policy, One Strategy နဲ့ အကောင်အထည်ဖော်ရမှာပေါ့။”လို့ ဆလိုင်းထက်နီက မူဝါဒတခုတည်း မဟာဗျူဟာတခုတည်းနဲ့ စစ်ရေးဖော်ဆောင်သွားမယ်ဆိုတာကိုရှင်းပြပါတယ်။

အဲဒီလို စစ်ရေးအစီအမံတွေလုပ်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့လည်း အသိပေးပါတယ်။

“ကျနော်တို့ကတော့သူ့နယ်မြေ၊ကိုယ့်နယ်မြေရှိပေမယ့်နွေဦးတော်လှန်ရေးမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးလုပ်သွားဖို့ရှိပါတယ်။” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

​တော်လှန်​ရေးသတင်းရင်းမြစ်အချို့ကလည်း အခုစစ်ရေးစုဖွဲ့မှုတွေဟာ အနာဂါတ်မှာဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးရဲ့အခြေခံဖြစ်လာဖို့အထိ့ရည်ရွယ်သလို ၊မျှော်လည်းမျှော်လင့်ကြောင်းပြောပါတယ် ။

SCEF အဖွဲ့ဝင်NUGရဲ့ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်မှူးတွေအနေနဲ့လည်းဩဂုတ်လ ပထမပတ်မှာ တပ်မှူးကြီးများအစည်းအဝေးကို ၄ ရက်တာ ကျင်းပခဲ့ပါတယ်။ အဲဒီတပ်မှူးကြီးများအစည်းအဝေးမှာရှေ့လုပ်ငန်းစဉ်တွေကိုချမှတ်ခဲ့ရာ SCEF စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျပါဝင်ဆောင်ရွက်နိုင်ရေးနဲ့စစ်ဒေသအသီးသီးမှာသက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအားလုံးနဲ့ လက်တွဲပြီး ပြည်သူ့ခုခံတွန်းလှန်စစ်မှသည် မဟာဗျူဟာ ထိုးစစ် သို့ တက်လှမ်းနိုင်ရေး လုပ်ဆောင်သွားဖို့ ချမှတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးထုတ်ပြန်ပါတယ်။

အဲဒီလို PDFတပ်မှူးကြီးတွေရဲ့အစည်းအဝေးအပြီးမှာပဲ PDF ရဲ့တိုင်းစစ်ဌာန အချို့ကလည်းဒေသတွင်းတပ်မှူးတပ်ရင်းမှူးတွေ ပါဝင်တဲ့အစည်းအဝေး ပြုလုပ်ခဲ့တာမျိုးရှိပါတယ်။ ပဲခူးတိုင်းစစ်ဌာနရဲ့ကွပ်ကဲရေးမှူး၊ စစ်ဆင်ရေးမှူး၊ ဗျူဟာမှူးများနဲ့ တပ်ရင်းမှူးများပါဝင်တဲ့အစည်းအဝေးကိုကျင်းပခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ထားပါတယ်။

အဲဒီအစည်းအဝေးမှာကွပ်ကဲရေးမှူးနဲ့စစ်ဆင်ရေးမှူးတို့ထံ သက်ဆိုင်ရာဗျူဟာမှူးများနဲ့ တပ်ရင်းမှူးများကထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေကိစ္စရပ်များကို အစီရင်ခံခဲ့သလို စစ်ဘက်ဆိုင်ရာခေါင်းဆောင်များက ရှေ့ဆက်လက်ဆောင်ရွက်မည့် စစ်ရေးလုပ်ငန်းစဉ်များနဲ့ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ဩဂုတ် ၁၀ရက်မှာကျရောက်တဲ့ကချင်အာဇာနည်နေ့ မိန့်ခွန်းမှာ NUG ၊ CRPH အပါအဝင် အခြားသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့အတူတကွ ပူးပေါင်းပါဝင်သော SCEF ရဲ့ လုပ်ငန်းတွေမှာ ပါဝင်လျက်ရှိကြောင်း အသိပေးပါတယ်။

တိုင်းရင်းသားလူမျိုးတွေကိုယ်စီဟာကိုယ့်ကံကြမ္မာကိုယ်ဆုံးဖြတ်နိုင်ခွင့် ရရှိရေးအတွက် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEFဆိုတဲ့ ပေါင်းစည်းမှုအောက်မှာ စစ်ရေး၊ နိုင်ငံရေးကို မရပ်မနား လုပ်ဆောင်နေတာကြောင့်တိုင်းသူပြည်သားအားလုံး နဲ့ ကချင်ပြည်သူတွေအားလုံး သံသယစိတ်မရှိဘဲ ထောက်ခံအားပေးဖို့အထူးတိုက်တွန်းလိုတယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကာလရှည်ကြာ လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ NUG၊ CRPH တို့နဲ့ လက်တွဲပြီးတော့ ကမ္ဘာ့နိုင်ငံရေးစင်မြင့်ထက်မှာ ထင်ပေါ်လာနိုင်ရန်အတွက် SCEF နဲ့ အတူကြိုးပမ်းနေတာဖြစ်တယ်လို့ လည်းဆက်လက်ပြောခဲ့ပါတယ် ။ပြည်သူလူထုကို အခြေခံပြီး မိမိဒေသကို လွတ်လပ်စွာကိုယ်တိုင်စီမံအုပ်ချုပ်နိုင်ဖို့အတွက် တူညီတဲ့ပန်းတိုင်တစ်ခုတည်း ဆုပ်ကိုင်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုရရှိအောင် SCEF လုပ်ဆောင်နေတယ်လို့လည်းပြောပါတယ်။

SCEF ကိုဖွဲ့စည်းနိုင်ဖို့ ၂၀၂၂ ခုနှစ်ကတည်းက တော်လှန်ရေးအင်အားစုတွေကြားယုံကြည်မှုတည်ဆောက်ပြီး ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရတာဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေကပြောထားပါတယ်။အဖွဲ့ဝင်တွေ ဆက်လက်တိုးချဲ့ဖွဲ့စည်းရေးအတွက်လည်း တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်တိုက်တွေ့ဆုံကြိုးစားနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။