ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၁၅ ရက်နေ့က စျေးဝယ်စင်တာ တစ်ခုရဲ့ မုန့်စျေးတန်းမှာ ကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်ရဲ့ လုံခြုံရေး မှတ်တမ်း ဗီဒီယိုဟာ လတ်တလော လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ အရမ်း လူပြောများနေပါတယ်။
ဗီဒီယိုထဲမှာတော့ ကလေးမလေးဟာ မိခင်လို့ ယူဆရတဲ့ အမျိုးသမီးနဲ့အတူ စားပွဲတစ်လုံးမှာ မျက်နှာချင်းဆိုင် ထိုင်နေခဲ့ပါတယ်။ အဲဒီစားပွဲနားက ဖြတ်လျှောက်သွားတဲ့ အသက် ၇၃ နှစ်အရွယ် အဖိုးအိုဟာ ကလေးမလေးရဲ့ ဦးခေါင်းကို လက်နဲ့ အသာလေး ပုတ်သွားခဲ့တာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
အဲဒီအခါ အမျိုးသမီး ဖြစ်သူက နောက်ကနေ လှမ်းတားခဲ့သလို တခြားတစ်နေရာကနေ ရောက်လာပြီး ကလေးအဖေလို့ ယူဆရတဲ့ အမျိုးသားကပါ အဖိုးအိုကို တွန်းလှဲပစ်လိုက်ပါတယ်။ အဲဒီ ဗီဒီယိုကို ကြည့်ရှုသူ အများအပြားက ကလေးအဖေလို့ ယုံကြည်ရသူရဲ့ လွန်ကဲတဲ့ လုပ်ရပ်အပေါ် ဒေါသတကြီး ဝေဖန်နေကြပါတယ်။

Public Service Announcement
ဩဂုတ် ၁၆ ရက်နေ့ ညပိုင်းမှာတော့ စင်ကာပူ ရဲတပ်ဖွဲ့က ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးကို စုံစမ်းမေးမြန်းနေကြောင်း အတည်ပြုခဲ့ပါတယ်။ ပြီးတော့ လူထု အနေနဲ့ ဖြစ်စဉ်အကြောင်း အသေးစိတ် အတည်မပြုနိုင်သေးခင်မှာ ထင်ကြေးတွေနဲ့ ကောက်ချက်ချတာတွေ မလုပ်ဖို့လည်း တိုက်တွန်းခဲ့ပြီး ရဲတွေက အချက်အလက် တိတိကျကျနဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း ဖော်ပြထားပါတယ်။
ဗီဒီယိုထဲမှာတော့ အမျိုးသားနဲ့ အဖိုးအိုတို့ဟာ ခဏလောက် စကားအခြေအတင် ဖြစ်ခဲ့ပြီး အဲဒီနောက် အမျိုးသားက အဖိုးအိုရဲ့ လက်မောင်းရင်းကနေ ဆွဲပြီး လှဲချပစ်လိုက်တာ ဖြစ်ပါတယ်။ အဖိုးအိုဟာ အရှိန်နဲ့ လဲကျသွားပြီး ထိခိုက်နာကျင်သွားဟန် တွေ့ရပါတယ်။
လူမှုကွန်ရက် သုံးစွဲသူ တချို့က အဖိုးအို အနေနဲ့ မိဘတွေရဲ့ ခွင့်ပြုချက် မရဘဲ ကလေးငယ်ကို မထိခဲ့သင့်ဘူးလို့ ထောက်ပြပေမယ့် အများစုကတော့ အရမ်းလွန်လွန်ကဲကဲ တုံ့ပြန်တဲ့ လုပ်ရပ်ကို ရန်လို အကြမ်းဖက်မှုအဖြစ် ရှုတ်ချနေကြပါတယ်။
CNA သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ တွန်းလှည်းနဲ့ ခေါက်ဆွဲရောင်းသူ အဖိုးအို ယိုဆောင်ခွန်းက သူဟာ ပြဿနာ တစ်ခုခုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူးလို့ ပြောကြားထားခဲ့ပါတယ်။ သူက ခြေထောက် ဒဏ်ရာဟောင်းကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်ကြောင်း၊ ဒါကြောင့် စားပွဲတွေကို လက်ထောက်ပြီး သွားခဲ့ရတာ ဖြစ်ကြောင်း၊ အဲဒီနောက် ကလေးမလေးက လှည့်ကြည့်တဲ့အခါ အရမ်းချစ်စရာကောင်းလို့ ဦးခေါင်းကို လက်နဲ့ ပွတ်သပ်ပေးလိုက်မိကြောင်း၊ သူ့လို အဖိုးကြီးတွေက ကလေးလေးတွေကို ချစ်စနိုးနဲ့ ခေါင်းပုတ်မိတတ်ကြောင်း ယိုက ဆိုပါတယ်။
အဲဒီနောက် ကလေးမလေးရဲ့ ဖခင်က ထလာပြီး ဇနီးဖြစ်သူကို ဘာဖြစ်တာလဲ လှမ်းမေးခဲ့ကြောင်း၊ အဲဒါကြောင့် သူကလည်း ကောင်းကောင်းမွန်မွန် ရှင်းပြခဲ့ကြောင်း၊ ဒါပေမဲ့ ကလေးအဖေကတော့ ကျေနပ်ပုံ မရဘဲ သူ့ကို တွန်းချပစ်ခဲ့ကြောင်း ယိုက ဆက်ပြီးပြောပါတယ်။ နောက်တော့ သူ့ကို သမက်ဖြစ်သူက လာထူပေးခဲ့ကြောင်း၊ အဲဒီနေရာမှာ သူက ခေါက်ဆွဲရောင်းနေတာ နှစ် ၄၀ လောက် ရှိခဲ့ပြီး လူတွေ အများကြီးကလည်း သိကြကြောင်း၊ သူ့ခန္ဓာကိုယ်အနှံ့ ခွဲစိတ်ဒဏ်ရာတွေ ရှိနေလို့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့အကြောင်း ကလေးအဖေကို ပြောပြခဲ့ပြီး ဒီလိုတွန်းထိုးတာ မှန်သလားလို့ သူက မေးခဲ့ကြောင်း၊ အဲဒီအခါမှ အမျိုးသားက တောင်းပန်စကားပြောပြီး လက်ဖက်ရည် တစ်ခွက် ဝယ်တိုက်ဖို့ ခွင့်တောင်းခဲ့ကြောင်း ယိုက ဆက်ပြောပါတယ်။
သူက အဲဒါမျိုး မလိုအပ်ကြောင်း၊ သူဟာ မရိုးမသား လုပ်သူတစ်ယောက် မဟုတ်ဘူး ဆိုတာကိုပဲ ရှင်းအောင် ပြောပြခဲ့ကြောင်းလည်း အသက် ၇၃ နှစ်အရွယ် အဖိုးအိုက ဆိုပါတယ်။ ကလေးအဖေဟာ ဩစတြေးလျက လာတာလို့ သူ့ကို ပြောပြခဲ့ကြောင်းလည်း ယိုက ပြောကြားသွားပါတယ်။
သူဟာ လဲကျပြီး နှစ်နာရီ သုံးနာရီလောက်ကြာမှ ကျောကနာလာလို့ ဆေးသောက်နေကြောင်း၊ အခုတော့ အတော်လေး သက်သာလာပြီဖြစ်ကြောင်းလည်း ယိုက CNAဆီ ပြောဆိုသွားပါတယ်။ သူက ပြဿနာ မဖြစ်ချင်တဲ့အတွက် အဲဒီတုန်းက ရဲမတိုင်ခဲ့ကြောင်း၊ သူ့ဖောက်သည်တွေကတော့ ရဲသာတိုင်မယ်ဆိုရင် ကလေးအဖေက အဖမ်းခံရလိမ့်မယ်လို့ သူ့ကို ပြောပြခဲ့ကြောင်းလည်း ယိုက ဆိုပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဗီဒီယိုက အရမ်းလူပြောများလာသလို ရဲတွေက ဖြစ်စဉ်ကို သတိထားမိပြီး စုံစမ်းမှုတွေ စတင်လာခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာတော့ ယိုရဲ့ သားဖြစ်သူက ရဲတွေအနေနဲ့ အခုကိစ္စကို မြန်မြန်ဆန်ဆန် တုံ့ပြန် ကိုင်တွယ်ပေးခဲ့တာကို ကျေးဇူးတင်ကြောင်း ရေးသားထားပြီး ဖခင်အတွက် တရားမျှတမှု ရဖို့ မျှော်လင့်ကြောင်း ဖွင့်ဟထားပါတယ်။
ကိုးကား: CNA


















































