အမေရိကန် တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ လေတပ်စခန်းကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်စဉ်နောက်ကွယ်မှာ အီရန်နိုင်ငံ ပါဝင် ပတ်သက်နေနိုင်ကြောင်း ဗြိတိန် အစိုးရက ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့တုန်းက ဂလူဆက်စတာရှိုင်းယားမှာ ရှိပြီး အမေရိကန်ရဲ့ B-1 ဗုံးကြဲလေယာဉ်ကြီးတွေနဲ့ အမေရိကန် စစ်သားတွေ အခြေစိုက်ထားရာ ဖဲဖို့ဒ် လေတပ်စခန်းဆီ ဦးတည် မောင်းနှင်နေတဲ့ ဗင်ကားသုံးစီးကို ဗြိတိန်ရဲ့ အကြမ်းဖက် နှိမ်နင်းရေး ရဲတွေက ကြားဖြတ် ဟန့်တားနိုင်ခဲ့ပြီး ဗြိတိန်နိုင်ငံသား လူငယ် ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့ကို ဖောက်ခွဲရေး ပစ္စည်းတွေ တရားမဝင် ပိုင်ဆိုင်မှုနဲ့ စွဲချက်တင်ခဲ့ပေမယ့် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
မျက်နှာဖုံး စွပ်ထားတဲ့ မသင်္ကာစရာ လူတစ်စုကို မြင်လိုက်တဲ့ ဒေသခံ တစ်ဦးက ဖုန်းဆက် အကြောင်းကြားခဲ့တာကြောင့် ရဲတွေက အရေးပေါ် အခြေအနေအဖြစ် တုံ့ပြန်ခဲ့တာပါ။ အမှုကို စုံစမ်းနေဆဲဖြစ်ပြီး အဲဒီ ၅ ယောက်ဟာ လေတပ်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြံရွယ်ထားခဲ့တာ ဟုတ်မဟုတ် ဆိုတာကို ရဲတွေက တိတိကျကျ အတည်မပြုသေးပါဘူး။
ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်းက ဖဲဖို့ဒ်လေတပ်စခန်းနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်နောက်ကွယ်မှာ အီရန်ဟာ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေတယ်ဆိုတဲ့ အားကောင်းတဲ့ အချက်အလက်တွေကို တွေ့ရှိထားကြောင်း စက်တင်ဘာ ၃၀ ရက်နေ့မှာ BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ သူက ဖဲဖို့ဒ်လေတပ်စခန်းဟာ အကြမ်းဖက်မှု အန္တရာယ်နဲ့ ကြုံတွေ့ခဲ့တာလား ဆိုတာ အပါအဝင် အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement
အီရန် နိုင်ငံခြားရေး ဝမ်ကြီး အဘက်စ် အာရက်ချီကတော့ ဗြိတိန်ဟာ လူမှားပြီး စွပ်စွဲနေတဲ့ သဘောမျိုး လူမှုကွန်ရက်မှာ တုံ့ပြန်ခဲ့သလို အီရန်ကို ဆန့်ကျင်ပြီး တခြားနိုင်ငံတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အကြမ်းဖက်သမားတွေကို ပြန်လွှတ်ပေးခဲ့တာတွေကို ကြည့်ရုံနဲ့ ဗြိတိန်ရဲ့ ရပ်တည်ချက်က ဘာလဲဆိုတာ သိနိုင်တယ်လို့ ရေးသားထားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကပါ ဝေဖန် မေးခွန်းထုတ်ထားတဲ့ အာမခံ ပေးလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး BBCက မေးတဲ့အခါ ဘန်ဟမ်းက သူတို့ကို ခွင့်ပြုပေးထားတဲ့ အာမခံဟာ ဖြစ်နိုင်သမျှ ကန့်သတ် တင်းကျပ်မှုတွေ အမြင့်ဆုံး သတ်မှတ်ထားတယ်လို့ ပြန်ဖြေခဲ့ပါတယ်။
သံသယရှိသူ ၅ ဦးကို ဗြိတိန်က အာမခံနဲ့ ပြန်လွှတ်လိုက်တဲ့နောက် စက်တင်ဘာ ၂၈ ရက်နေ့မှာ ထရမ့်က အဲဒီကိစ္စကို အံ့ဩမိကြောင်း၊ သူသာဆိုရင် ဒါမျိုးလွှတ်ပေးမှာ မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဘန်ဟမ်းကတော့ ပြန်လွှတ်ပေးတယ်ဆိုတဲ့ အသုံးအနှုန်းကို နားလည်မှု မလွဲသင့်ကြောင်း၊ သူတို့ကို ထောင်ထဲမှာ ချုပ်မထားတာကလွဲရင် အရာအားလုံး တင်းတင်းကျပ်ကျပ် ထိန်းချုပ် သတ်မှတ်ထားကြောင်း ဖြေရှင်းသွားပါတယ်။
အစောပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုကလည်း ဖဲဖို့ဒ်လေတပ်စခန်း ဖြစ်စဉ်မှာ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုရဲ့ လက်စလက်နတွေ ပါဝင်နေတယ်လို့ မှတ်ချက်ပေးခဲ့ဖူးပြီး အီရန်ကိုတော့ တိုက်ရိုက် နာမည်မတပ်ခဲ့ပါဘူး။
အီရန်စစ်ပွဲမှာ ခုခံကာကွယ်ရေး မစ်ရှင်အတွက် ပါဝင်တိုက်ခိုက်နေတဲ့ အမေရိကန် စစ်လေယာဉ်တွေဟာ ဗြိတိန် အစိုးရရဲ့ ခွင့်ပြုချက်အရ ဖဲဖို့ဒ်မှာ အခြေစိုက်ထားပါတယ်။
ကိုးကား: BBC


















































