Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်မှာ သေစေတဲ့ဆေးတွေ နှစ်ကြိမ် ထိုးပြီးတဲ့ထိ သေဒဏ်ကျ အမျိုးသမီး အသက်မသေခဲ့

အမေရိကန်မှာ သေစေနိုင်တဲ့ ဆေးတွေ နှစ်ကြိမ် ထိုးသွင်းပြီးတဲ့ထိ မသေခဲ့တဲ့ လူသတ်တရားခံ အမျိုးသမီးအတွက် သေဒဏ် စီရင်မှုကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

ဓာတ်ပုံ - The New York Times

အမေရိကန်မှာ သေစေနိုင်တဲ့ ဆေးတွေ နှစ်ကြိမ် ထိုးသွင်းပြီးတဲ့ထိ မသေခဲ့တဲ့ လူသတ်တရားခံ အမျိုးသမီးအတွက် သေဒဏ် စီရင်မှုကို ဆိုင်းငံ့ထားလိုက်ရပါတယ်။

အသက် ၅၀ အရွယ် ရှိပြီဖြစ်တဲ့ ခရစ္စတာဂေးလ်ပိုက်ခ်ဟာ ၁၉၉၅ ခုနှစ်၊ သူ့အသက် ၁၈ နှစ် အရွယ်တုန်းက ကြံရာပါ နှစ်ဦးနဲ့ ပူးပေါင်းပြီး အတန်းဖော် ကောလင်း ဆလမ်းမားကို တောထဲ လှည့်စားခေါ်ယူ သတ်ဖြတ်မှုအတွက် သေဒဏ် စီရင်ခံရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၃၀ ရက်နေ့ သေဒဏ် စီရင်မှုမှာတော့ ဆေးနှစ်ကြိမ် ထိုးပြီးတဲ့ထိ ပိုက်ခ်က အသက်မသေဘဲ မျက်လုံးကြီးဖွင့်ပြီး ဟောက်တဲ့အသံတွေ ထွက်နေခဲ့တဲ့နောက် မအောင်မြင်တဲ့ သေဒဏ် စီရင်မှုအဖြစ် သတ်မှတ်ပြီး အစီအစဉ်ကို ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။

အချစ်ရေးနဲ့ သဝန်တိုမှုတွေကို အကြောင်းပြုပြီး ဖြစ်ပွားခဲ့တယ်ဆိုတဲ့ လူသတ်မှုမှာ ပိုက်ခ်ရဲ့ ကြံရာပါ ချစ်သူ တာဒဲလ်ရှစ်ပ်ကတော့ အဲဒီတုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတာကြောင့် အသက်မပြည့်သေးလို့ သေဒဏ်ကနေ ကင်းလွတ်ပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။ ရှာဒိုလာ ပီတာဆန်ကတော့ သက်သေအဖြစ် ထွက်ဆိုပေးဖို့ သဘောတူခဲ့တာကြောင့် နောက်ပိုင်းမှာ ခံဝန်နဲ့ လွတ်မြောက်လာပါတယ်။ ပိုက်ခ်ကို တရားရုံးက သေဒဏ် စီရင်ချက် ချမှတ်ချိန်မှာ အသက် ၂၀ အရွယ်သာ ရှိခဲ့သေးတာကြောင့် ပြည်နယ် သမိုင်းတလျှောက် သေဒဏ်ချခံရသူတွေထဲမှာ အသက်အငယ်ဆုံး တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပိုက်ခ်နဲ့ အပေါင်းအပါတွေဟာ အသက် ၁၉ နှစ်အရွယ် ဆလမ်းမားကို နာရီဝက်လောက်ကြာအောင် ရက်ရက်စက်စက် ဝိုင်းဝန်းရိုက်နှက်၊ ဓားတွေနဲ့ ခုတ်ပြီး နှိပ်စက်ခဲ့ကြပါတယ်။ ပြီးတော့ သေသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ စေတန်နတ်ဆိုး သင်္ကေတ ကြယ်ပုံတစ်ခုကိုပါ ဓားနဲ့ထွင်းထားခဲ့ပါသေးတယ်။ စိတ်တိုင်းကျ နှိပ်စက်ခဲ့ပြီးတဲ့နောက် ပိုက်ခ်ဟာ ကျောက်တုံးကြီး တစ်တုံးနဲ့ ဆလမ်းမားရဲ့ ခေါင်းခွံကို ရိုက်ခွဲပြီး သတ်ဖြတ်ခဲ့ပါတယ်။ သူဟာ သေသူရဲ့ ဦးခွံ အပိုင်းအစ တစ်ခုကိုတောင် အမှတ်တရ သိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ရှေ့နေတွေကတော့ ပြစ်မှုကျူးလွန်ချိန်မှာ အသက် ၁၈ နှစ်သာ ရှိသေးတဲ့အတွက် ပိုက်ခ်က ဆင်ခြင်တုံတရား အားနည်းနေသေးတာ၊ ငယ်စဉ်က လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ မိဘတွေရဲ့ စွန့်ပစ်ခံရတာတွေ အပါအဝင် ကြမ်းတမ်းတဲ့ ဘဝဖြတ်သန်းမှုကြောင့် စိတ်ကျရောဂါ ခံစားနေရတာတွေကို ထောက်ပြပြီး သေဒဏ်ကို ပယ်ဖျက်ပေးစေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ပါဘူး။ ပိုက်ခ်ဟာ အကျဉ်းကျခံနေရချိန် ကာလအတွင်းမှာလည်း နောက်ထပ် အကျဉ်းသူ တစ်ယောက်ကို ဖိနပ်ကြိုးနဲ့ လည်ပင်းညှစ် သတ်ဖြတ်ဖို့ ကြိုးစားမှုနဲ့ ပြစ်ဒဏ်ထပ်တိုးခဲ့ပါသေးတယ်။

စက်တင်ဘာ ၃၀ မှာတော့ တင်နက်ဆီမှာရှိပြီး လုံခြုံရေး အတင်းကျပ်ဆုံး ရေဗာဘန်း ထောင်ကြီးထဲမှာ ပိုက်ခ်ကို လက်တွေ့ သေဒဏ် စီရင်ခဲ့ပါတယ်။ အစောပိုင်းမှာ အယူခံရုံးက သေဒဏ်စီရင်မှုကို ဆိုင်းငံ့ထားစေခဲ့ပေမယ့် နောက်တော့ တရားရုံးချုပ်က သေဒဏ်ကို ဆက်လက် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တာကြောင့် ညနေပိုင်းမှာ ပိုက်ခ်ကို သေစေတဲ့ ဓာတုဆေးဝါးတွေ ထိုးသွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ပိုက်ခ်ဟာ မသေဆုံးခဲ့ဘဲ မျက်လုံးတွေပွင့်ပြီး ဟောက်နေခဲ့ပါတယ်။ ဒါကြောင့် မိနစ်ပိုင်း အကြာမှာ နောက်တစ်ကြိမ် ဆေးထပ်ထိုးတော့လည်း မသေဘဲ အလားတူ အခြေအနေပဲ ဖြစ်နေပါတယ်။ ကွပ်မျက်မှုကို ကိုယ်တိုင်တက်ရောက် အတည်ပြုပေးသူ မျက်မြင်တွေကလည်း အဲဒီဖြစ်စဉ် မှန်ကန်ကြောင်း ပြောကြားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မအောင်မြင်တဲ့ ကွပ်မျက်မှုအဖြစ် သတ်မှတ်ပြီး မျက်မြင်တွေကိုလည်း အခန်းပြင် ထွက်ခွာစေခဲ့ပါတယ်။ တင်နက်ဆီမှာ သေဒဏ်ကို ဆေးထိုးစီရင်မှုက အရင်ကလည်း သွေးကြော ရှာမတွေ့တာမျိုး အလွဲအချော် ကိစ္စတွေ ရှိဖူးတာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ နည်းလမ်းတစ်ခုပါ။ ဆေးနှစ်ကြိမ် ထိုးပြီးတာတောင် မသေတာနဲ့ ပတ်သက်လို့ ပိုက်ခ်ရဲ့ ကိစ္စကို အမေရိကန်မှာ စိတ်ဝင်တစား ဆွေးနွေးမှုတွေ ရှိနေပါတယ်။

ရှေ့နေတွေကတော့ ပိုက်ခ်ဟာ ရှားပါးတဲ့ သွေးရောဂါ တစ်မျိုးကြောင့် သွေးဥမွှား အရေအတွက် ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ၊ သွေးကြော သေးငယ်လွန်းလို့ ဆေးထိုးအပ် မဝင်ရောက်နိုင်တဲ့ အခြေအနေတွေ ရှိနိုင်ကြောင်း အရင်ကတည်းက တရားရုံးမှာ လျှောက်ထားဖူးပါတယ်။ လက်တွေ့ သေဒဏ် စီရင်တဲ့အခါ မှန်မှန်ကန်ကန် ဆေးထိုးသွင်းလို့ မရတဲ့ အခြေအနေကြောင့် ပိုက်ခ်ဟာ အပြင်းအထန် ဝေဒနာ ခံစားရမယ်လို့ ရှေ့နေတွေက ကန့်ကွက်ဖူးပါတယ်။

အခုအခါမှာတော့ ပိုက်ခ်အတွက် သေဒဏ်စီရင်မှုကို ဆိုင်းငံ့ထားပြီး နောက်ထပ် ဘယ်နေ့မှာ ပြန်လည် စီရင်မလဲ ဆိုတာကို တရားရုံးက မဆုံးဖြတ်သေးပါဘူး။ သူ့ရဲ့ ရှေ့နေတွေကတော့ သူတို့ရဲ့ အမှုသည်ဟာ မအောင်မြင်တဲ့ သေဒဏ်စီရင်မှုကြောင့် အပြင်းအထန် ဝေဒနာ ခံစားခဲ့ရပြီး ဖြစ်တဲ့အတွက် သေဒဏ်ကို ပယ်ဖျက်ပြီး ထောင်ဒဏ်တစ်သက် ပြောင်းလဲသတ်မှတ်ပေးဖို့ တောင်းဆိုလာဖွယ် ရှိနေပါတယ်။ သူတို့က ဆေးထိုးစီရင်မှု မအောင်မြင်ချိန်မှာ ပိုက်ခ်အတွက် ချက်ချင်း အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးခဲ့တဲ့ အကျဉ်းထောင် အာဏာပိုင်တွေကိုလည်း ဝေဖန်ထားပါတယ်။ လောလောဆယ်တော့ ပိုက်ခ်ကို အကျဉ်းထောင်ကနေ ဆေးရုံဆီ ပြောင်းရွှေ့ ပို့ဆောင်ထားပြီလို့ ရှေ့နေတွေက အတည်ပြုပါတယ်။

အကျဉ်းထောင်ဖက်ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် မှတ်ချက် မပေးသေးပါဘူး။ စက်တင်ဘာ ၃၀ ညပိုင်းက ထောင်ရှေ့မှာ လူနာတင်ယာဉ်တွေ သွားလာနေတာကို တွေ့ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

ဆလမ်းမားရဲ့ မိခင်ကတော့ သူဟာ ပိုက်ခ်သေဆုံးသွားတာကို ကျိန်းသေပေါက် မြင်ချင်တယ်လို့ ပြောပါတယ်။ သူ့သမီးဟာ နာကျင်မှုတွေကြားကနေ ထွက်ပြေးဖို့ ဘယ်လောက်တောင် ကြိုးစားချင်နေခဲ့မလဲ ဆိုတာကို တွေးမိတိုင်း တုန်လှုပ်မိတယ်လို့ မေမာတီနက်ဇ်က ပြောပါတယ်။ ဆလမ်းမားကို သေဒဏ်စီရင်ချိန်မှာ ကိုယ်တိုင် တက်ရောက်ကြည့်ရှုနိုင်အောင် အဖွဲ့အစည်း တစ်ခုက မာတီနက်ဇ်နဲ့ ခင်ပွန်းသည်အတွက် ကူညီ စီစဉ်ပေးခဲ့ပါတယ်။

ပိုက်ခ်ကို သေဒဏ်ပြန်စီရင်ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတဲ့အခါ မာတီနက်ဇ်က သူ့သမီး ဘယ်လိုသေဆုံးခဲ့သလဲ ဆိုတာကို ထည့်စဉ်းစားဖို့လိုကြောင်းလည်း ပြောပါတယ်။ တင်နက်ဆီ ပြည်နယ်မှာတော့ နှစ်ပေါင်း ၂၀၀ လောက်အတွင်း မှတ်တမ်းတွေအရ ပိုက်ခ်ဟာ ပထမဆုံး သေဒဏ် စီရင်ခြင်း ခံရတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ကာလတွေတုန်းကတော့ မှတ်တမ်းတွေ မစုံတော့တဲ့အတွက် အမျိုးသမီးတွေ သေဒဏ် စီရင်ခံရမှု အခြေအနေကို မသိရပါဘူး။

၁၉၇၆ ခုနှစ်တုန်းက သေဒဏ်စီရင်မှုတွေကို ပြန်လည် အသက်သွင်းခဲ့တဲ့နောက် အမေရိကန် တစ်နိုင်ငံလုံးမှာ အမျိုးသမီး ၁၈ ဦးကို လက်တွေ့ စီရင်ခဲ့ပါတယ်။ ဒါဟာ သေဒဏ်စီရင်မှု အားလုံးရဲ့ ၁ ရာခိုင်နှုန်းခန့် အချိုးအစားလောက်သာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆီကို ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ် အစိုးရက အငှားပေးပို့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ကျူးဘားတို့အပေါ် အမေရိကန်က ဖိအားပေးနေမှုတွေကို တရုတ်က ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဆန့်ကျင်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ ခရီးစဉ် ပြီးဆုံးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းမှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။