Connect with us

Hi, what are you looking for?

သတင်း

AAက​ကျောက်ဖြူ၊တောင်မော်ဦးရေတပ်စခန်းအနီးကာကင်းစခန်းတခုကိုထပ်မံသိမ်းပိုက်

တစ်လကျော်အတွင်းကျောက်ဖြူမှာစစ်တပ်စခန်း နှစ်ခုကိုAA သိမ်းပိုက်ထား

(အာဏာသိမ်းစစ်တပ်ထံကသိမ်းပိုက်ထားတဲ့ ​ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်​နေတဲ့ AA တပ်ဖွဲ့ဝင်​တွေကို​ရှေ့တန်းတစ်​နေရာမှာ​တွေ့ရစဥ်။ဓါတ်ပုံ-​​ပေးပို့ )

အောက်တိုဘာ-၉၊၂၀၂၆။ခိုင်မြတ်/People’s Spring

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်ရဲ့နောက်ဆုံးကာကင်းစခန်းတွေရှိရာ အ၀တောင်ရွာဝန်းကျင်မှာ အာရက္ခတပ်တော်(AA)က ဒီနေ့ (အောက်တိုဘာ ၉ ရက်)ညနေပိုင်းမှာ ကာကင်းစခန်းခု ထပ်မံသိမ်းပိုက်ရရှိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

AAက အခုအောက်တိုဘာလဆန်းပိုင်းကစပြီး တောင်မော်ဦးရေတပ်စခန်းရဲ့ကာကင်းတွေကိုအရှိန်မြှင့်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး စစ်တပ်ဘက်ကအထိနာနောက်ဆုတ်နေရကာ ​အောက်တိုဘာ ၉ ရက်​နေ့မှာကာကင်း စခန်းတခုပါလက်လွှတ်လိုက်ရတာဖြစ်ပါတယ်။

“အ၀တောင်ရွာရဲ့အနောက်ဘက်ကစခန်းတခုကိုရလိုက်တယ်။စခန်းကြီးလို့ ပြောလို့ရပါတယ်။အင်အားငါးဆယ်လောက်နဲ့ အထိုင်ချထားတာ။ရှင်းလင်းရေးတွေ မပြီးသေးဘူး။ ကိုယ့်ဘက်ကတော့ရှေ့တိုးဖို့ပဲရှိတယ်။နောက်ဆုတ်ဖို့မရှိဘူး။ တိုးလည်းတိုးနေကြတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အရှင်ဖမ်းမိသူအချို့လည်း ရှိပြီး စခန်းသိမ်းတိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြော လို့ မရသေးဘူးလို့ သူကရှင်းပြပါတယ်။လက်ရှိမှာ အ၀တောင်ရွာနဲ့စနဲကြားနေရာအချို့၊အ၀တောင်နဲ့တောင်မော်ဦးရေတပ်ကြားနေရာအချို့တို့မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကာကင်းစခန်းဆုံးရှုံးသွားပြီးတိုက်ပွဲပြင်းထန်နေချိန် စစ်တပ်က ဒီနေ့ နေ့လယ်နဲ့ ညနေပိုင်းမှာ စနဲမြို့အနီးဝန်း ကျင်၊ အ၀တောင်ရွာအနီးဝန်းကျင်တို့ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

“တညနေလုံး ဗုံးကြဲတယ်။တိုက်ပွဲမှာ နာလို့ ကြဲတာ။စကစက ဗုံးလာကြဲရင် တိုက်ပွဲမှာ နာပြီလို့ တန်းမှတ်လို့ရ တယ်”လို့ကျောက်ဖြူဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ တိုက်လေယာဉ်၊ ထောက်ပို့လေယာဉ် Y12 တို့နဲ့ လေကြောင်း ဗုံးကြဲနေ သလို သံဇစ်မြစ်ပေါ်ရှိ စစ်သင်္ဘောတွေကနေလည်း လက်နက်ကြီးနဲ့ လှမ်းပစ်တာရှိတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်(AA)ဟာပြည်သူ၅၁ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ကျောက်တော်ဗုံးကြဲမှုနောက်ပိုင်း အောက်တိုဘာလဆန်းမှစပြီး ရခိုင်ပြည်တွင်ထိုးစစ်အရှိန်မြှင့်လိုက်ကာ တောင်မော်ဦးရေတပ်စခန်းကာကင်းတွေကို လည်း ထိုးစစ်အသွင်နဲ့ တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

AA က ထိုးစစ်အရှိန်မြှင့်ပြီး တိုက်ပွဲပြင်းထန်တဲ့ အောက်တိုဘာလဆန်းပိုင်းမှာ စစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေကနေ တောင်မော်ဦးရေတပ်စခန်းဆီစစ်သင်္ဘော နှစ်စီးနဲ့ အင်အားဖြည့်ခဲ့သလို တောင်မော်ဦးရေတပ်စခန်းမှ တပ်အ ရာရှိတွေကိုလည်း ကျောက်ဖြူမြို့ပေါ်ဆီ ရွှေ့ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင်စစ်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးအစပိုင်းကာလစက်တင်ဘာလဆန်းကလည်း တောင်မော်ဦးရေတပ်စခန်းရဲ့ ကာကင်းတခုကို AA ကသိမ်းပိုက်ရရှိခဲ့ပါသေးတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က တောင်မော်ဦးရေတပ်စခန်းအနီး အ၀တောင်စခန်းကနေ ရှေ့ တိုး ထိုးစင်ဆင်ဖို့ ကြိုးစားလာခဲ့ပြီး အဲဒီစစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာ အထိနာခဲ့ပါတယ်။ အဲဒီနောက်ထပ်မံအင်အားဖြည့်စစ်ကြောင်းထိုးလာခဲ့ပေမယ့် AAရဲ့ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် စစ်တပ်ဘက်က တပ်စခန်းငယ်တခု လက်လွှတ်ခဲ့ရတာကြောင့် တပ်ပြန်ဆုတ်သွားခဲ့ရပြန်ပါတယ်။ ဒါ​ကြောင့် စစ်တပ်တန်ပြန်ထိုးစစ်ဆင်တဲ့စက်တင်ဘာ လဆန်းက​နေ အခုထိ ​ကျောက်ဖြူမှာ AA ကစစ်တပ်ကာကင်းစခန်း ၂ ခုကိုသိမ်းထားပြီဖြစ်ပါတယ်။

စစ်တွေမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ရဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)နဲ့ အနီးဆုံးနေရာတွေမှာ ပါ AAကထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းနေပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေအပြင် ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း ၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီးတန်ပြန်ထိုးစစ်ဆင်နေခဲ့တာ တစ်လကျော်ရှိပြီဖြစ်ပါ တယ်။ တစ်လကျော်ပေမယ့် AA စခန်းတခုမှ မသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်းတွေကို ပြန်သိမ်းနေပြီး အခုအခါ ခုခံစစ်က​နေ ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၉ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်းစစ်တပ်စခန်း ၁၂ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်း ရာချီ ရှိနေပြီဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့ကို ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခံနေရချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သေင်္ဘာ​တွေကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် သင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။