အောက်တိုဘာ-၁၁၊၂၀၂၆။မိထက်/People’s Spring
ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်ထဲကမမြဆည် တာဘောင်အိကျမှုပိုဆိုးလာပြီး ကျိုးကျမယ့်အန္တရာယ်ကြောင့် ဆည်အောက်ဖက်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။
မျှင်ဝါးတောင်ကျေးရွာအနီးက မမြဆည်တာဘောင်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလလယ်ကတည်းက အိကျခဲ့ပြီး အခုရက်ပိုင်းမှာတော့ အခြေအနေပိုဆိုးလာတာလို့ဒေသခံတွေကပြောပါတယ်။။
“လေးမျက်နှာမြို့မှာရေကြီးတဲ့အချိန်ကတည်းက မမြဆည်လည်းတာဘောင်နိမ့်သွားသေးတယ်။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီးထားကြတာ။အခုက အခြေအနေပိုဆိုးလာတာ။ဒေသခံတွေကတော့ပြေးရလွှားရနဲ့ အဆင်ပြေတယ်ကို မရှိဘူး”လို့ မြန်အောင်မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
မမြဆည်ဟာပုသိမ်-မုံရွာကားလမ်းမကြီး အနောက်ခြမ်း နဲ့ ရခိုင်ရိုးမအခြေမှာ ဆက်စပ်တည်ရှိပါတယ်။တမံအမြင့် ၁၅၀ပေ၊အလျား ၁၁,၈၀၀ ပေရှိပြီး ကန်ရေပြည့်ရေလှောင်ပမာဏ ၇၁,၅၀၀ ဧကပေရှိပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ မနက်က ဆည်တမံထိပ်မျက်နှာပြင်မှာအလျားပေ ၈၀ခန့်၊ အကျယ် ၁ လက်မခန့်၊ အနက် ၆ လက်မခန့် အက်ကြောင်းဖြစ်ပေါ်ခဲ့ပြီး အခြေအနေပိုဆိုးလာတာလို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာလ ၉ရက်နေ့မှာအလျား ပေ ၂၀၀ ခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံလျှောကျပြီး အောက်ဘက်ကို ၂၅ပေခန့် နိမ့်ကျသွားတယ်လို့ သိရပါတယ်။
“တစ်ရက်ထက်တစ်ရက်အခြေအနေပိုဆိုးလာတော့မနေရဲကြတော့ဘူး။စဖြစ်တဲ့ညကတော့ စစ်တပ်ကသေနတ်ပစ်ဖောက်ပြီးထွက်ခိုင်းပါတယ်။အခုဆိုရင် ရွာ ၁၃ ရွာလောက် တခြားနေရာတွေမှာသွားရှောင်နေရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဆည်ရေဝင်ရောက်နိုင်တဲ့ လမ်းကြောင်းမှာရှိတဲ့ စမ်းရွာကြီးကျေးရွာအုပ်စုထဲက ဥယျာဉ်ကွင်း၊ မရွေးကုန်း၊ရွာသစ်ကုန်းရွာအပါအဝင် ကျေးရွာ၁၃ရွာက ဒေသခံပြည်သူထောင်ချီပြီး ဘေးလွတ်ရာရွှေ့ပြောင်းနေရတယ်လို့ဒေသခံအချို့ကပြောပါတယ်။
ဒါဟာ ဧရာဝတီတိုင်းအတွင်း ရေဘေးကြောင့် ဒေသခံတွေ သုံးလဆက်တိုက် တိမ်းရှောင်ရတာပါ။ လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက်နေ့ကငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာ၊ရေကြည်၊ ကျုံပျော်နဲ့ ငါးသိုင်းချောင်းမြို့အပါအဝင် မြို့နယ် ၆ ခုမှာရေ ဘေးကြုံခဲ့ပါတယ်။ငဝန်မြစ်ရေကာတာ ယိုစိမ့်ကတည်းက စစ်ကောင်စီဌာနဆိုင်ရာတွေကို သတင်းပေးပို့ခဲ့ပေမယ့် ကြိုတင်ကာကွယ်ရေးတွေမလုပ်ခဲ့ဘူးလို့ ဒေသခံတွေကဝေဖန်ခဲ့ပါတယ်။
လက်ရှိမှာ ဆည်ရေလျှော့ချနိုင်ဖို့အတွက်အရေးပေါ် ရေပိုလွှဲနေရာမှာစက်ယန္တရားများအသုံးပြုပြီး အလျား ၁၅ပေ၊ အနက် ၇ပေ တူးဖော်ပြီးရေလွှတ်ချနေတယ်လို့ စစ်ကောင်စီလက်အောက်ခံဧရာဝတီတိုင်းအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။ အဲဒီရေတွေက ရေဝါချောင်းမှတစ်ဆင့် မမြချောင်း၊ မမြချောင်းမှတစ်ဆင့်ငဝန်မြစ်အတွင်းစီးဆင်းသွားတာမို့လို့ ပတ်ဝန်းကျင်ကျေးရွာကစိုက်ခင်းတွေ ထိခိုက်မှုမရှိဘူးလို့ထုတ်ပြန်ထားပါတယ်။
“စစ်တပ်ကတော့ထိခိုက်မှုမရှိဘူးဆိုပြီးထုတ်ပြန်ထားတယ်။ဒါပေမယ့်စိုက်ခင်းတချို့ပျက်စီးပါတယ်။ရေကိုထိန်းပြီလွှတ်ပေးဖို့ တောင်းပန်ထားရတယ်။ ဆည်က တဖက်ကနေ ကျိုးကျရင်တော့ပိုအန္တရာယ်ကြီးတယ်။ ရေထိန်းပြီးလွှတ်ပေးနေရင်တော့ တော် အုံးမယ်”လို့ ဒေသခံတောင်သူတစ်ဦးကပြောပါတယ်။
ဆည်ရေ ဝင်ရောက်နိုင်တဲ့ စမ်းရွာကြီးကျေးရွာအုပ်စု၊ ဥယျာဉ်ကွင်းကျေးရွာ၊ မရွေးကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ငါးဘတ်ကျကျေးရွာအုပ်စု၊ ရေနံချက်ဖိုကုန်းကျေးရွာက ဒေသခံတွေကို ရေလွတ်ရာ ကုန်းမြင့်ဒေသတွေဆီး ပြောင်းရွှေ့ရေးဆောင်ရွက်နေတယ်လို့ဧရာဝတီတိုင်းအစိုးရကသတင်းထုတ်ပြန်ထားပါတယ်။
ဧရာဝတီတိုင်းမှာ အောက်တိုဘာလဆန်းက မိုးမရွာခဲ့ပေမယ့် အောက်တိုဘာလ၁၀ရက်နေ့ကစပြီး နေရာကွက်ပြီးမိုးရွာနေပါတယ်။
“မိုးမကြီးရင် တော်မယ်။ မိုးများမယ်ဆိုရင်တော့ ရခိုင်ရိုးမ မိုးရေတွေဆင်းလာရင် စိုးရိမ်စရာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။



















































