အောက်တိုဘာ – ၁၄ ၊၂၀၂၆
ကလေးသူငယ် လိင်အမြတ်ထုတ်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေအတွက် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (အင်တာပိုလ်)က အလိုရှိကြောင်း Red Notice ထုတ်ပြန်ထားတဲ့ တောင်ကိုရီးယား အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။
‘လီ’ဆိုတဲ မျိုးရိုးနာမည်ကိုပဲ ဖော်ပြထားတဲ့ အမျိုးသားဟာ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အနိုင်ကျင့်မှုတွေကို အွန်လိုင်းမှာ ဖြန့်ဝေခဲ့တဲ့အတွက် အင်တာပိုလ်ရဲ့ Red Notice စာရင်းထဲ ပါဝင်ပြီး အလိုရှိကြောင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
သူဟာ ဘန်ကောက်မှာရှိတဲ့ သွန်လော် ရပ်ကွက်ထဲက အဆင့်မြင့် ကွန်ဒို အိမ်ရာတစ်ခုမှာ ပုန်းလျှိုးကွယ်လျှိုး နေထိုင်နေပေမယ့် ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဗျူရိုနဲ့ ထိုင်းရဲတပ်ဖွဲ့က ခြေရာခံမိပြီး ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အင်တာပိုလ်၊ တောင်ကိုရီးယားသံရုံးတွေ ချိတ်ဆက်ပြီး အကူအညီ တောင်းခံခဲ့တဲ့နောက် အောက်တိုဘာ ၁၂ ရက်နေ့မှာ အဲဒီ အမျိုးသားကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လီဟာ တောင်ကိုရီးယား ရဲတပ်ဖွဲ့ရဲ့ ဖမ်းဝရမ်း ထုတ်ခြင်းကိုလည်း ခံထားရပါတယ်။
သူဟာ တရားမဝင် ညစ်ညမ်းဝက်ဘ်ဆိုက် တစ်ခုကို တာဝန်ယူ ကိုင်တွယ်ခဲ့ကြောင်း စွပ်စွဲခံထားရသလို အသက် ၁၆ နှစ် မပြည့်သေးတဲ့ မိန်းကလေး တစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ မလျော်မကန် အကြောင်းအရာတွေကို အွန်လိုင်းမှာ တင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ သူဟာ ပြည်တွင်းမှာ တရားစွဲဆို ခံရမှာ စိုးရိမ်လို့ နှစ်ဆန်းပိုင်းတုန်းက ထိုင်းကို ထွက်ပြေးလာခဲ့တာပါ။
အောက်တိုဘာ ၁၂ ရက်နေ့ စစ်ဆင်ရေးမှာတော့ လူဝင်မှုကြီးကြပ်ရေး ဗျူရိုနဲ့ ရဲတပ်ဖွဲ့တို့ဟာ သံသယရှိသူ ဘယ်သူဘယ်ဝါ ဆိုတာကို သေချာ အတည်ပြုပြီး ဝင်ရောက် ဖမ်းဆီးခဲ့ကြတာ ဖြစ်ပါတယ်။ လီက သူဟာ ညစ်ညမ်းဝက်ဘ်ဆိုက် တစ်ခုကို တာဝန်ယူ လည်ပတ်နေတယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။
သူ့ရဲ့ ထိုင်းဗီဇာကို ရုပ်သိမ်းလိုက်ပြီး တောင်ကိုရီးယားကို ပြန်မပို့ခင် အတောအတွင်း လူဝင်မှုကြီးကြပ်ရေး ဗျူရိုရဲ့ အချုပ်ခန်းတစ်ခုမှာ ထိန်းသိမ်းထားပါတယ်။
ထိုင်းနိုင်ငံဟာ ပြည်ပမှာ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်လာသူတွေ၊ ဝရမ်းပြေးတွေ ခိုလှုံတဲ့ နေရာတစ်ခု ဖြစ်မလာဖို့ ရည်ရွယ်ထားကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကိုးကား – Chiang Mai Post



















































