ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ အားကစားခန်းမရှေ့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာအခြေစိုက်စခန်းကို လက်ပစ်ဗုံး၊အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Human Rights Defenders က ထုတ်ပြန်သည်။
ယနေ့(မတ်လ ၂၆)ည ၈နာရီခွဲက ထိုနေရာကို လက်ပစ် ဗုံးတစ်လုံးနှင့် အဝေးထိန်းမိုင်းတို့ဖြင့် Generation Z Defence Force အဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုဖြစ်စဥ်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုရန်ကြိုးစားနေဆဲဖြစ်ကြောင်းလည်း Human Rights Defenders က အသိပေးသည်။
ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြောက်ဒဂုံမြို့နယ် (၂၉) ရပ်ကွက်ရှိ အားကစားခန်းမအတွင်း အကြမ်းဖက် စစ်ကောင်စီမှတပ်စွဲထားသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သည်။

Public Service Announcement
“ပေါက်ကွဲ သံတော့ နှစ်ခါကြားတယ်။သိပ်မကွာဘူး တစ်ကြိမ်နဲ့တစ်ကြိမ်။နေရာတော့ အတိ အကျမသိသေးဘူး။အခု ပေါက်တယ်လို့ ထုတ်ပြန်တဲ့နေရာက မသန်စွမ်း အာကစားခန်းမလို့ပဲ လူသိများတာ။စခတွေ ကင်းလှည့်တဲ့ DCယာဥ်တွေ သုံးစီးလောက်ရှိတယ်။ ပြည်ထောင်စုလမ်းမကြီးပေါ်ကနေ အားကစားခန်းမထဲဝင်မယ့် အပေါက်မှာလည်း သူတို့ ဂိတ်လုပ်ထားတာ။အထဲမှာ စခ ၃၀ ၊ ၄၀ လောက်တပ်စွဲထားတယ်လို့ သိရတယ်”ဟု ပြည်ထောင်စုလမ်းမအနီးနေထိုင်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ယမန်နေ့(မတ်လ ၂၅ရက်)ကလည်း စစ်ကောင်စီထောက်တိုင်များအဖြစ် လူသိများသော မြောက်ဒဂုံမြို့နယ်ရှိ KBZ ဘဏ်ခွဲ နှင့် Denko ဆီဆိုင်များကို တော်လှန်ရေးအင်အားစုများက ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။


















































