စစ်ကောင်စီက သင်္ကြန်ကို စည်ကားအောင်ပြင်ခဲ့ပေမယ့် ဒီကနေ့အကြိုနေ့မှာ ရန်ကုန်မြို့မှာ ရေကစားသူမရှိသလောက်နည်းပါးခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေ လုံခြံရေးအပြည့်ယူထားတဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်မှာတော့ စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ပေမယ့် စည်ကားခြင်းမရှိခဲ့ပါဘူး။
မြို့တော်ဝန်မဏ္ဍပ်ရှိတဲ့နေရာပတ်ပတ်လည်ကို လုံခြုံရေးအပြည့်ယူထားပြီး ဆူးလေလမ်းမဘက်မှာတော့ ကားအချို့ကိုဝင်ခွင့်ပြုနေတာတွေ့ရပါတယ်။
စစ်ကောင်စီ ပြုလုပ်တဲ့ သင်္ကြန်မှာ မပျော်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားတာဖြစ်ပါတယ်။

Public Service Announcement
အရင်က သင်္ကြန်ဆိုရင် မြူးမြူးကြွကြွ သင်္ကြန်သီချင်းတွေ နေရာတိုင်းမှာ ညံနေတတ်ပေမယ့် ဒီနေ့မှာတော့ ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ သင်္ကြန်သီချင်းသံမကြားရသလောက်ပါပဲ။
စစ်ကောင်စီကတော့ သူတို့ဆောက်လုပ်ထားတဲ့ မဏ္ဍပ်တွေတိုင်းမှာ လုံခြုံရေးအပြည့် ယူထားတာယူထားတာတွေ ရှိသလို အချို့လမ်းတွေမှာလည်း စစ်ကားတွေ ရပ်ထားတာကိုတွေ့ခဲ့ရပါတယ်။
ပြည်သူ့ရင်ပြင်ထဲမှာဆောက်လုပ်ထားတဲ့ ရေကစားမဏ္ဍပ်ရှိတဲ့နေရာမှာတော့ ပြည်လမ်းပေါ်ကနေလုံခြုံရေးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့တာတွေလည်းရှိခဲ့ပါတယ်။
ဒါ့အပြင် ပြည့်သူရင်ပြင်နားဖြတ်မောင်းတဲ့ကားတွေကို မဏ္ဍပ်ရှေ့အတင်းဖြတ်ခိုင်းနေတယ်လို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ပြည်သူတစ်ဦးက လမ်းရှောင်မောင်းကြဖို့ သတိပေးထားပါတယ်။
သင်္ကြန်ကာလမှာ ရပ်နားမယ်လို့ ကြေညာထားတဲ့ YBS အချို့လည်းပြေးဆွဲခဲ့ပြီး အချို့ကားတွေကတော့ ယာဉ်စီးခ ၅၀၀ အထိတိုးမြှင့်ကောက်ခံနေပါတယ်။
ပုံမှန်သွားလာနေသူတွေရှိပေမယ့်သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်ကြောင့် ရန်ကုန်မြို့ကြီးသည် ယခင်ထက်ပိုမိုတိတ်ဆိတ်နေတာတော့ အမှန်ပါပဲ။


















































