စစ်ကောင်စီ၏ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်များ၊ တပ်စွဲရာနေရာများကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ ကျိုက်ထို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သုံးရက်အတွင်း စစ်ကောင်စီတပ်မှ ၅ဦးသေ၊ ၆ဦး ဒဏ်ရာရခဲ့သည်ဟု KRFက ထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ဘီးလင်းမြို့နယ် နတ်ကြီးအနီး ဇီးကုန်း စစ်ကောင်စီစခန်းကုန်အား ဇွန်လ ၂၂ရက်တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၃ရက်တွင် နတ်ကြီး စစ်ကောင်စီဂိတ်စခန်းအား တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၄ရက်တွင် ထီးဝါခလု ရွာအနီး စစ်ကောင်စီတပ်စွဲရာ အိမ်တစ်လုံးအား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပြောက်ကျား စစ်ဆင်ရေးအသွင် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦး သေဆုံးပြီး ၆ဦးအထက် ဒဏ်ရာရရှိခဲ့သည်ဟု KRFက အသိပေးသည်။
KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီ လက်ပါးစေများ၊ သတင်းပေး ဒလန်များ၊ စစ်ကောင်စီထောက်တိုင်များအား ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement


















































