စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည်ဆိုသည်မှာပျက်သွားပြီဖြစ်သည့် ၂၀၀၈ခြေဥကို ပြန်အသက်သွင်းရန် ကြိုးပမ်းခြင်းဟု ရှင်းပြ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပျက်သွားပြီးဖြစ်ကြောင်းနှင့် ၂၀၂၃ ရွေးကောက်ပွဲကျင်းပရန် ဆောင်ရွက်နေသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင်များက ပြောကြားသည်။
နိုဝင်ဘာ ၁၁ရက်က KNU ဖားအံခရိုင် လှိုင်းဘွဲ့မြို့နယ် တကောရွာ၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲ၌ ကရင်နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးက လာမည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ကျင်းပမည့် ရွေးကောက်ပွဲ အပေါ် KNU သဘောထားကို မေးမြန်းခဲ့ရာ အထက်ပါအတိုင်း ပြန်လည်ရှင်းပြခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

အဆိုပါ လူထုတွေ့ဆုံပွဲကို KNU ဦးဆောင်သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ပြည်သူလူထုများ တွေ့ဆုံကာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း နှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ တို့နှင့်ပါတ်သက်ပြီး ဆွေးနွေးဟောပြောမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
KNU အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ တပ်မတော် သည် အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပျက်သွားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည် တတ်ကျွမ်းသည့် ပညာရှင်များတို့သည်လည်း တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပျက်ဆီးသွားခဲ့ပြီးဖြစ်ကြောင်း KNU ဘက်က ရှင်းပြခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
ထို့ကြောင့် ၂၀၂၃တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အာဏာသိမ်း စစ်ကောင်စီမှ တရားဝင်မှုရရှိရေးအတွက်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းခြင်းသာဖြစ်သောကြောင့် KNUအနေဖြင့် ဒီမိုကရေစီကျင့်စဉ် နည်းလမ်းကို လက်ခံသော်လည်း အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများတို့ကို အားမပေးကြောင်း KNU၏ သဘောထားကို ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ယခုတွေ့ဆုံပွဲသို့ KNU ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး တို့တက်ရောက်ခဲ့သည်။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည့် KNU/KNLA PC မှ ဒုဥက္ကဌ ဗိုလ်ချုပ် ဒေါက်တာနော်ကပေါ်ထူး၊ BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ ဘာသာရေးခေါင်းဆောင်များနှင့် ကရင်နိုင်ငံရေးပါတီ တာဝန့်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟုဆိုသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများတို့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ KNU ဖားအံခရိုင်ရှိ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်၊ ထီလုံမြို့နယ်၊ ဒုံရင်းမြို့နယ်တို့မှ မြို့နယ်ခေါင်းဆောင်များ၊ ကျေးနယ်အုပ်စုမှူးများ၊ ရပ်မိရပ်ဖခေါင်းဆာင်များ နှင့် ပြည်သူလူထုများ စုစုပေါင်း (၁၅၀၀)ကျော် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်သည်


















































