Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ကို မကူညီဖို့ ရေတပ် တိုက်လေယာဉ်မှူးဟောင်းတွေကို အမေရိကန် သတိပေး

အနောက်နိုင်ငံတွေရဲ့ တိုက်လေယာဉ်မှူးဟောင်းတွေဟာ တရုတ်ကို ကူညီနေမိမှန်း မသိဘဲ သိမ်းသွင်းခံရတာမျိုးလည်း ရှိတယ်လို့ Five Eyesက ဆိုပါတယ်။

တရုတ်ကို မကူညီဖို့ ရေတပ် တိုက်လေယာဉ်မှူးဟောင်းတွေကို အမေရိကန် သတိပေး
တရုတ်ကို မကူညီဖို့ ရေတပ် တိုက်လေယာဉ်မှူးဟောင်းတွေကို အမေရိကန် သတိပေး

လေ့ကျင့် သင်တန်းပေးဖို့ တရုတ်ဆီက မက်လုံးပေး ကမ်းလှမ်းမှုတွေကို လက်မခံကြဖို့ ရေတပ် တိုက်လေယာဉ်မှူးဟောင်းတွေကို အမေရိကန်က ထောက်လှမ်းရေး ဌာနက သတိပေး ပြောကြားလိုက်ပါတယ်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)ရဲ့ လေတပ်နဲ့ ရေတပ်ဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ စစ်ဘက် လေယာဉ်မှူးဟောင်းတွေကို မက်မောလောက်စရာ လုပ်ခလစာတွေ ပေးပြီး သင်တန်းမှူးတွေအဖြစ် ခေါ်ယူနေကြောင်း ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေပါတယ်။

PLAဟာ တိုက်လေယာဉ်မှူးဟောင်းတွေအပြင် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ရေတပ် တိုက်လေယာဉ်မှူး တချို့ကိုပါ ချဉ်းကပ်လာတဲ့ အခြေအနေတွေ ရှိနေပြီး လေယာဉ်မှူးတွေ အနေနဲ့ အမေရိကန်ရဲ့ အဓိကပြိုင်ဘက် တရုတ်ကို ကူညီပေးတာမျိုး မလုပ်ဖို့ အမျိုးသား ထောက်လှမ်းရေးဌာန ဒါရိုက်တာရုံးက အသိပေး ပြောကြားလိုက်ပါတယ်။

အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်နဲ့ ဗြိတိန် ထောက်လှမ်းရေး အဖွဲ့တွေ ပူးပေါင်းထားတဲ့ Five Eyes နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့ဟာ တရုတ်က အနောက်နိုင်ငံတွေရဲ့ လေ့ကျင့်သား အရမ်းပြည့်ဝတဲ့ တိုက်လေယာဉ်မှူးတွေကို ချိတ်ဆက် ငှားရမ်းတဲ့ ကိစ္စတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။

Public Service Announcement

Public Service Announcement

အထူးသဖြင့် PLA ရေတပ်ဟာ အခက်ခဲဆုံး အပိုင်းတွေထဲမှာ အပါအဝင်ဖြစ်တဲ့ လေယာဉ်တင် သင်္ဘောတွေပေါ် အတက်အဆင်း လုပ်တာမျိုး၊ လေကြောင်း စီးချင်းတိုက်ပွဲတွေမှာ မဟာဗျူဟာမြောက် ကွေ့ဝိုက်ရှောင်တိမ်း ပျံသန်းတာမျိုးတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက လေ့ကျင့်ပေးထားတဲ့ နည်းစနစ်တွေကို အပြင်းအထန် အလိုရှိနေတာ ဖြစ်ပါတယ်။

တချို့အခြေအနေတွေမှာ အနောက်နိုင်ငံတွေရဲ့ တိုက်လေယာဉ်မှူးဟောင်းတွေဟာ တရုတ်ကို ကူညီနေမိမှန်း မသိဘဲ သိမ်းသွင်းခံရတာမျိုးလည်း ရှိတယ်လို့ Five Eyesက ဆိုပါတယ်။

တရုတ်ဟာ ကမ္ဘာ့ ပင်လယ်ရေကြောင်း သွားလာမှု ကဏ္ဍကို အမေရိကန်နဲ့အပြိုင် စိုးမိုးဖို့အတွက် လေယာဉ်တင်သင်္ဘောတွေ တည်ဆောက်နေပေမယ့်လည်း ရုန်းကန်ရတဲ့ အခြေအနေတွေ အများကြီး ရှိနေပါတယ်။ အဲဒီထဲက အခက်ခဲဆုံး ကိစ္စတစ်ခုကတော့ ရေတပ် တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ ပြဿနာပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း PLA ရေတပ်ဟာ တောင်အာဖရိက အပါအဝင် နိုင်ငံတချို့မှာ အပေါ်ယံ ဟန်ပြ ကုမ္ပဏီတွေ ထူထောင်ပြီး အမေရိကန် ရေတပ်ရဲ့ F-18 လေယာဉ်မှူးဟောင်းတွေကို လေ့ကျင့်ရေး ကဏ္ဍအတွက် ဆွဲဆောင် သိမ်းသွင်းမှုတွေ ရှိလာပါတယ်။

တရုတ်ရဲ့ လုပ်ရပ်ဟာ အမေရိကန်ရဲ့ ပြည်ပ ပို့ကုန်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းတယ်လို့လည်း ဥပဒေ ပညာရှင်တွေက ဆိုပါတယ်။ အမေရိကန် ထောက်လှမ်းရေးဌာန ထုတ်ပြန်ချက်မှာတော့ တရုတ် လေယာဉ်မှူးတွေကို အစွမ်းအစ ပိုကောင်းလာအောင် ကူညီ လေ့ကျင့်ပေးတယ် ဆိုတာဟာ နောင်တစ်ချိန် ပဋိပက္ခ ကာလတွေမှာ ရဲဘော်ရဲဘက် အမေရိကန် လေယာဉ်မှူးတွေကို ဒုက္ခပေးရာ ရောက်လိမ့်မယ်လို့ သတိပေး ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်တုန်းက အမေရိကန် မရိန်း တိုက်လေယာဉ်မှူးဟောင်း ဒန်နီရယ်လ် ဒူဂ်ဂန်ဟာ ပို့ကုန်ဥပဒေ ချိုးဖောက်မှုနဲ့ ဩစတြေးလျမှာ အဖမ်းခံခဲ့ရဖူးပါတယ်။ သူဟာ တောင်အာဖရိကမှာ တရုတ် စစ်ဘက် လေယာဉ်မှူးတွေကို လေယာဉ်တင် သင်္ဘောပေါ် အတက်အဆင်း ပြုလုပ်ပုံတွေ လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတာပါ။ အခုနှစ် မေလ ၂၄ ရက်မှာတော့ ဩစတြေးလျ တရားရုံးက ဒူဂ်ဂန်ကို အမေရိကန်မှာ စွဲချက်တင်ဖို့ ပြန်လည် လွှဲအပ်ပေးသင့်ကြောင်း အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။

ကိုးကား: Time

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

​နွေဦး​တော်လှန်​ရေးအတွက် စစ်​ရေးမှာ အ​ရေးကြီးဆုံးကာလကို​ရောက်​နေပြီဖြစ်ပြီး စစ်တပ်တိုက်​လေယာဥ်ပျက်ကျသတင်းမှာ​အောင်စိတ်အစစ်ဖြစ်ကာစစ်တပ်က လူထုအားတက်မှာကို မလိုလာ​ကြောင်း ၈၈ မျိုးဆက်​ခေါင်း​ဆောင် ဦးမင်းကိုနိုင်က​ပြောကြားပါတယ် ။

သတင်း

မှော်ဘီမြို့နယ်မှာစစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တာဟာ ​လေ့ကျင့်​ရေးပျံသန်းစဥ် ပျက်ကျတာမဟုတ်ဘဲဗုံးကြဲဖို့ ပျံသန်းစဥ် ပျက်ကျခဲ့တာဖြစ်ပြီး​လေယာဥ်​​​ပေါ်ပါတဲ့ စစ်သား၂ ဦးထဲမှတစ်ဦး​သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။