ကူးစက်မှုမြန်ဆန်ပြီး မိသားစုအတော်များများကို ဒုက္ခပေးနေသည့် ကိုဗစ်ကပ်ရောဂါကို ဒေါ်ခင်မြင့်စိန်တို့မိသားစုလည်း ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပါ။
အတူနေမိသားစုဝင် သုံးဦးလုံး ကိုဗစ်နှင့် ရင်ဆိုင်ခဲ့ရသည်။ မည်မျှရင်ဆိုင်ခဲ့ရသလဲဆိုပါမူ သေလုမျောပါးဖြစ်သည်အထိ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပါသည်။
အကြောင်းမူ ဒေါ်ခင်မြင့်စိန်ကိုယ်တိုင်က အောက်ဆီဂျင် ၆၀ အထိ ကျခဲ့သည်။ သူ့ခင်ပွန်းမှာ အောက်ဆီဂျင် ၃၀ အထိ ထိုးကျသည်နှင့် ကြုံရပြီး ခင်ပွန်း၏အစ်ကိုဖြစ်သူမှာလည်း အဆုပ်၌ သွေးခဲသည်အထိ ဖြစ်ခဲ့သည်။
သို့သော် သူတို့မိသားစုဝင်အားလုံး ကိုဗစ်ကပ်ရောဂါကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့၏။ ကိုဗစ်ကိုအနိုင်တိုက်နိုင်သည့် အကြောင်းအရင်းများတွင် စိတ်ဓာတ်ခွန် အား ပြုစုစောင့်ရှောက်သူ ဆေးဝါးနှင့် ရောဂါကုထုံးများကို လိုက်နာလုပ်ဆောင်ခြင်းတို့ပါဝင်ကြောင်း ဒေါ်ခင်မြင့်စိန်က ယူဆပါသည်။
စိတ်ခွန်အား
ဒေါ်ခင်မြင့်စိန်မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)နေ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။ ခင်ပွန်းဖြစ်သူနှင့် ခဲအိုတို့မှာ အသက် ၇၀ ကျော်များ ဖြစ်ကြသည်။
သူတို့မိသားစု ကိုဗစ်နှင့် ရင်ဆိုင်ရစဉ်က သတိလစ်မေ့မျောသည်အထိ ရောဂါ၏ဖိစီးနှိပ်စက်မှုဒဏ်ကို ခံခဲ့ရသည်။ အောက်ဆီဂျင် ၃၀ အထိ ထိုးကျခဲ့သည့် သူ့ခင်ပွန်းသည်ပင် ရောဂါသက်သာပျောက်ကင်းပြီး ထူထူထောင်ထောင် ပြန်ဖြစ်နေပြီ။
ထို့အပြင် အောက်ဆီဂျင်ထိုးကျ အဆုပ်၌သွေးခဲကာ ခြေလက်များညိုမဲ ရောင်ရမ်းသည်အထိ ခံစားခဲ့ရသည့် ခဲအိုကြီးသည်ပင် ယခုနေပြန်ကောင်းခဲ့ပြီ ဖြစ်ပါသည်။
ယင်းသို့ ဝေဒနာကိုယ်စီခံစားရသည့်တိုင် ကပ်ရောဂါအား အနိုင်တိုက်နိုင်ခဲ့သည်မှာ စိတ်ခွန်အားကြောင့်ဟု ဒေါ်ခက်မြင့်စိန်က ယုံကြည်နေသည်။
အကြောင်းမှာ ဆေးဆိုလည်း ဆရာဝန်ညွှန်ကြားသည့်အတိုင်း မှန်မှန်သောက်သည်။ အစားကို မဝင်ဝင်အောင်စားသည်။ မည်မျှအထိလည်းဆိုလျှင် ထမင်းစားရန်ခက်ခဲသောကြောင့် သာကူကြိုနှင့် ကြက်ဥတစ်လုံး နေ့စဉ်သောက်သည်။
“ငါ ဒီအခြေအနေကကျော်နိုင်ဖို့ အစာဝင်မှဖြစ်မယ်။ အစာစားနိုင်မှ ခန္ဓာကိုယ်အားအင် ပြန်ပြည့်လာမယ်။ ဒါမှ ငါ ရောဂါရဲ့ဒဏ်ခံနိုင်မယ်ဆိုပြီး အမျိုးမျိုးအားတင်းရတာပဲ”ဟု ဒေါ်ခင်မြင့်စိန်က ပြောသည်။
ပို၍အရေးကြီးသည်မှာ ကပ်ရောဂါကို ကျော်လွှားပြီး နေပြန်ကောင်းလာရမည်ဟူသောယုံကြည်ချက်ဖြင့် အားငယ်စိတ်ကို ဖြေဖျောက်ရမည်ဟု သူက အကြံပြုပါသည်။
စိတ်ဓာတ်ကျ အားငယ်မနေဘဲ အချိန်မှန်စား အချိန်မှန် ဆေးသောက် ပြုလုပ်နိုင်ရန်မှာ ပြုစုယုယမည့်သူလည်းလိုသေး၏။
ပြုစုမည့်သူရှိပါမှ
ဒေါ်ခင်မြင့်စိန်တို့ ဇနီးမောင်နှံအဖို့ ကံကောင်းသည်ဟု ဆိုနိုင်သည်က တစ်ဦးတည်းသောသမီးလေးမှာ သူတို့ အနီးတွင် ရှိနေခြင်း ဖြစ်သည်။ နီးဆိုအိမ်ချင်းဘေးချင်းကပ်လျက် ဖြစ်၏။
ထိုသမီးက မိဘနှစ်ပါးနှင့် ဘကြီးတို့လိုအပ်ရာကို ဒိုင် ခံ ပြုစုပေးသည်။ အစာစားချင်စိတ်မရှိသည်ကို အစာစားအောင် ချော့မော့ဖြောင်းဖျသည်။
ဆေးဝါးလိုအပ်ချက်အတွက် ရှိရှိသမျှ မိတ်ဆွေအပေါင်းအသင်းများထံ အကူအညီတောင်းခံသည်ကတစ်မျိုး ကိုယ်တိုင်ရှာဖွေသည်က တစ်ဖုံဖြင့် မရရအောင် ရှာဖွေပေးသည်။
လိုအပ်သည့်ဆေးရှာဝယ်ရသည်မှာ တစ်ခါတလေများဆိုလျှင် မနက်အစောကြီးက ထွက်သွားလိုက်တာ ညမိုးချုပ်မှ အိမ်ပြန်ရောက်သည်။ သို့သော် ထိုသမီးလေးမှာ မညည်းညူရှာ။ မိဘနှစ်ပါးနှင့် ဘကြီးဖြစ်သူတို့ သည်တောင်ကိုကျော်နိုင်ဖို့သာ စိတ်ရည်သန်လျှက် ရှိခဲ့သည်ဟု ဒေါ်ခင်မြင့်စိန်က ပြုစုပေးသည့်သမီးဖြစ်သူနှင့်ပတ်သက်ပြီ ပြောပြသည်။
ထိုသို့ ရောဂါသက်သာပျောက်ကင်းလာရေး စိတ်အားထက်သန်စွာ ပြုစုလုပ်ကျွေးလိုသည့်အကြောင်းအရင်းတချို့လည်း သမီးဖြစ်သူထံရှိနေခဲ့ပါသည်။
ယင်းမှာ အခြားမဟုတ်ပါ။ ကိုဗစ်ကြောင့် ချစ်ခင်ရသောသူငယ်ချင်းတစ်ဦး ဆုံးရှုံးခဲ့ဖူး၍ ဖြစ်ပါသည်။ သမီးဖြစ်သူ၏ သူငယ်ချင်းဖြစ်သူမှာ ရန်ကုန်၌ ဆွေမျိုးသားချင်းမရှိပေ။ တူလေးတစ်ဦးသာ သူနှင့်အတူ ခေါ်ထားသည်။
ထိုကြောင့် ကိုဗစ်ဖြစ်ချိန်တွင် သူ့အား ပြုစုမည့်သူမရှိပါပေ။ ဤအခြေအနေကိုသိသော ဒေါ်ခင်မြင့်စိန်၏ သမီးဖြစ်သူက မိသားစုတာဝန်များရှိနေသည့်ကြားက ရံဖန်ရံခါ သွားရောက်ပြုစုပေးတတ်သည်။
သို့သော် ကိုယ့်မိသားစုအရေးနှင့်ကိုယ်မို့ စိတ်ထင်တိုင်း ကိုယ်ထိလက်ရောက် မပြုစုနိုင်ပါ။ သူငယ်ချင်းနှင့်အတူနေ တူလေးမှာလည်း အသက်ငယ်သေးတော့ လူမမာအား မည်သို့ပြုစုရမည်ကို ကောင်းကောင်းမသိသေးပေ။
ယင်းသို့ဖြင့်ပင် အစားအသောက်နှင့် ဆေးဝါးအပါအဝင် အနီးကပ်လုပ်ကျွေးပြုစုသူမရှိသည့် ဒေါ်ခင်မြင့်စိန် သမီး၏သူငယ်ချင်းမှာ ကိုဗစ်ဖြစ်ပြီး ခုနစ်ရက်မြောက်၌ ဆုံးပါးသွားခဲ့ပါသည်။
ဒေါ်ခင်မြင့်စိန်၏သမီးမှာ ထိုအတွေ့အကြုံကိုအခြေခံ၍ မိဘနှစ်ပါးနှင့် ဘကြီးတို့ကို ကိုယ်ဖိရင်ဖိ ပြုစုပေးဖြစ်သည်။ ထိုကြောင့်လည်း ကိုဗစ်ဖြစ်နေသူသုံးဦးလုံးကို နေ့မအားညမနားပြုစုပေးသည့် သမီးဖြစ်သူမှာ ကိုဗစ်ကူးစက်ခံခဲ့ရသည်။
ထိုအခါ အခြားသူတစ်ဦးကို ငှားရမ်းကာ မိဘများအား ပြုစေပါသည်။ ယခုမူ မိဘနှစ်ပါးနှင့် ဘကြီးသာမက သမီးဖြစ်သူသည်လည်း ရောဂါသက်သာပျောက်ကင်းခဲ့ပြီ ဖြစ်ပါသည်။
ပြောမည်ဆိုလျှင် ရောဂါသက်သာပျောက်ကင်းယုံမျှမက ဒေါ်ခင်မြင့်စိန်တို့မိသားစုမှာ ကိုဗစ်ကာကွယ်ဆေးပင် ပထမအကြိမ်ထိုးနှံပြီးစီးခဲ့လေပြီ။
စိတ်ပိုင်းဆိုင်ရာခံစားမှုများနှင့် စပ်လျဉ်းပြီး”ရောဂါဖြစ်နေတဲ့အချိန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအထောက် အကူပေးခြင်း(စိတ်ဓာတ်မြှင့်တင်ရေး)ဟာ အရမ်းကို အရေးကြီးပါတယ်။ မိသားစုဝင်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အားပေးရမယ်။ နားလည်ပေးရမယ်”ဟု အင်္ဂလန်နိုင်ငံရောက် အတိုင်ပင်ခံသမားတော် အထူးကုဆရာဝန်ကြီး ဒေါက်တာယုသန္တာအောင်က ပြောကြားထားသည်။
ကိုဗစ်ကူးစက်ခံရသူတစ်ဦးသည် ကြောက်စိတ်ဝင် ကာ စိုးရိမ်ပင်ပန်မှုများနေပါက ခန္ဓာကိုယ်တွင်းရှိ ရောဂါပိုးအားပြန်လည်တိုက်ခိုက်နိုင်သော ကိုယ်ခံအားစနစ်ကို ကျဆင်းနေနိုင်ကြောင်း ဆရာဝန်ကြီးက သတိပေးသည်။
ထို့ကြောင့် ကိုဗစ်ရောဂါကူးစက်ခံရပါက စိတ်ဓာတ်ကျ အားငယ်နေခြင်းထက် အစားဝင်အောင်စားခြင်း ဆေးပုံမှန်သောက်ခြင်း လိုအပ်သည့်ဆေးဝါးများ အချိန်မီရရှိခြင်း စသည့်တို့မှာ ကပ်ရောဂါဘေးမှ ကျော်လွှားနိုင်ဖို့ အရေးပါသည့်အချက်များဖြစ်ကြောင်း ဒေါ်ခင်မြင့်စိန် က သူ့အတွေ့အကြုံကိုအခြေခံကာ အကြံပြုထားပါသည်။