Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စစ်​ကောင်စီတပ်သားများအတွက် ဒုဗိုလ်မှူးကြီးသက်​အောင်၏ အကြံပြုချက်

သံဘိုစခန်းမှပြုံးရွှင်စွာ လက်နက်ချခဲ့သည့် စစ်​ကြောင်းမှူးဒုတိယဗိုလ်မှူးကြီးသက်အောင်သည် စခန်းအသိမ်းမခံရမီ တစ်လခန့်အလိုမှ သံဘိုစခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။

စစ်​ကောင်စီတပ်သားများအတွက် ဒုဗိုလ်မှူးကြီးသက်​အောင်၏ အကြံပြုချက်
စစ်​ကောင်စီတပ်သားများအတွက် ဒုဗိုလ်မှူးကြီးသက်​အောင်၏ အကြံပြုချက်

၎င်းသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အမှတ် ၈ ကာကွယ်ရေးပစ္စည်းစက်ရုံ- ကပစ(၈)ဆင်ပေါင်ဝဲ၌ တာဝန်ကျခဲ့သည်။ ထို့နောက် ၂၀၀၆ ခုနှစ်မှ စ၍ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်(DSTA)သို့ ပြောင်းရွှေ့တာဝန်ကျခဲ့သည်။ ထို့နောက် စခန်းအသိမ်းခံရမည့် သံဘိုစခန်းကို ၂၀၂၃ ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်ကာ စစ်ကြောင်းမှူးအဖြစ် တာဝန်ချ​ပေးခံရခြင်းဖြစ်၏ ။

စစ်မှုထမ်းသက် ၂၅ နှစ်ရှိခဲ့သော်လည်း မြေဖြူသာနှစ်ပေါင်းများစွာကိုင်ခဲ့သူ ကျောင်းဆရာတစ်ပိုင်းဒုဗိုလ်မှူးကြီးမှာ ​ရှေ့တန်းတိုက်ပွဲဝင်ရ​သောသံဘိုမှာ အံဝင်ခွင်ကျမဖြစ်ခဲ့။

ဒုဗိုလ်မှူးကြီးသက်အောင်သည် စစ်ဆင်ရေးအတွေ့အကြုံမရှိသည့်အတွက် လက်အောက်ကို အာဏာဖြန့်ဝေခြင်းအားဖြင့် သူနားလည်သမျှခံစစ်ကိုဆောင်ရွက်ခဲ့သည်ဟု ၎င်းကဖွင့်ဟ သည်။

“လက်အောက်က ခြေလျင်အတွေ့အကြုံ ရှိတဲ့သူတွေကို ခေါ်လိုက်တယ်။ ဘာလုပ်သင့်သလဲ ဆိုတာကို သူတို့ကအကြံဉာဏ်ပေးတယ်။ အဲဒီအတိုင်းပဲ လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။”ဟု ဒုဗိုလ်မှူးကြီးသက်အောင်က​ရှေ့တန်းတွင် စီမံခန့်ခွဲခဲ့ပုံကိုပြောသည်။

သူတင်စစ်ဆင်ရေးအတွေ့အကြုံမရှိတာမဟုတ်။ ရောက်လာသူများကလည်း သူနဲ့ထူးမခြားနားတွေ ဖြစ်​နေသည်။

Public Service Announcement

Public Service Announcement

သို့ဖြင့် သံဘိုစခန်း၌ အခြားတပ်နယ်မှအစုအဖွဲ့များ၊တပ်မတော်အုပ်ချုပ်မှု အကူအတတ်သင်ကျောင်း(တအခ)၊ တပ်မတော်ဆက်သွယ်ရေးနှင့်အီလက်ထရောနစ်ကျောင်း(တဆအ)၊ တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်း စသည့် ကျောင်းများမှ သင်တန်းသားများဖြင့် အဓိက ဖွဲ့စည်းခဲ့သည်ဟု ၎င်းကရှင်းပြသည်။ ထိုစုဖွဲ့မှုသည် သံဘိုစခန်းအတွက် အားနည်းချက် ဖြစ်စေခဲ့သည်။

သင်တန်းသားများဖြစ်နေ၍ တော်တော်များများက တိုက်ခိုက်ရေးအတွေ့အကြုံမရှိကြ။ အောက်ကခေါင်းဆောင်အသီးသီးမှာလည်း သင်တန်းသားတွေသာများနေသည်။

“တပ်မတော်အရစုပေါင်းစပ်ပေါင်းခေါ်တယ်။ အဲဒီစုပေါင်းစပ်ပေါင်းအဖွဲ့တွေနဲ့ကျတော့ ဘယ်သူကဘာလုပ်လို့ဘာလုပ်မှန်းမသိ၊ ဘယ်သူကအရည်အချင်းရှိလို့ ရှိမှန်းလည်းမသိ၊ တိုက်ရည်ခိုက်ရည်နဲ့ပတ်သက်လို့ ဘာရှိလို့ရှိမှန်းလည်းမသိ အဲလိုမျိုးနဲ့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။”ဟု သူက အ​တွေ့အကြုံကို မျှ​ဝေသည်။

“အဓိကအခက်အခဲကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သေနတ်ပစ်ရဲအောင်ကို မနည်းကိုစုစည်းပြီး မနည်း​ကို လုပ်ဆောင်ခဲ့ရတယ်။ အဲဒီအခက်အခဲလေးတော့ အဓိကရှိခဲ့ပါတယ်။”ဟုဒုဗိုလ်မှူးကြီးသက်အောင်က ပြောပါသည်။

ဒုဗိုလ်မှူးကြီးသက်​အောင်အတွက် ပထမဆုံးတိုက်ပွဲလည်းဖြစ် ၊လက်နက်ချခဲ့​သောတိုက်ပွဲမှာ သံဘိုရွာတိုက်ပွဲဖြစ်၏ ။

နောင်ချိုမြို့နယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဇန်နဝါရီလ (၂) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့များသည် စတင်ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သည်။ နောက်တစ်ရက် ဇန်နဝါရီလ (၃)ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် သံဘိုကျေးရွာစခန်းအား ​တော်လှန်​ရေးတပ်ဖွဲ့များကအပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။စစ်​ကောင်စီ၏ Drone Jammer စက်အကြီးများအပါအဝင် လက်နက်ခဲယမ်းများ၊စစ်တပ်သုံးပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့သည်။

စစ်တပ်က္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်ဝန်းကျင်သာ​​ဝေး​သောသံဘိုကျေးရွာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်၏ စစ်ကြောင်းမှုး ဒုဗိုလ်မှူးကြီး သက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့သည်။ စစ်ကူလာ​သော စစ်သားများမှာလည်း ​သေဆုံးထိခိုက်သူများစွာဖြင့် ထွက်​ပြေးဆုတ်ခွာသွားကြသည်။

မန္တ​​လေး PDF ပြန်ကြား​ရေးတာဝန်ခံ ကို​အော်စမွန်ကလည်းသံဘိုရွာတိုက်ပွဲ ထူးခြားချက်နှင့်ပတ်သပ်၍ People’s Spring သို့​အောက်ပါအတိုင်း​ပြောသည်။

“ဒီဒုတိယဗိုလ်မှူးကြီးက ရှေ့တန်းကို တစ်ကြိမ်တစ်ခါမှ မထွက်ဖူးဘဲ ဒီအကြိမ်က သူ့စစ်မှုထမ်းသက်အတွင်းမှာ ပထမဆုံးထွက်ရတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါ့ကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီက အရေးကြီးတဲ့ တပ်စခန်းနေရာ‌တွေမှာတောင်မှ တိုက်ခိုက်ရေးဘက်ကလာတဲ့ အရာရှိပိုင်းတွေကို တာဝန်မပေးနိုင်တော့ဘူးဆိုတာကို ကျွန်တော်တို့ သုံးသပ်လို့ရပါတယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီတစ်ခေါက် သံဘိုရွာအတွင်း တစ်ရွာထဲမှာပဲ သိမ်းစီးရမိတဲ့ ဘတ်တံဆိပ်တွေကို ကြည့်ခြင်းအားဖြင့် လက်ရုံးတပ်ပေါင်းစုံကနေ လာပြီးတော့ ဒီမှာစုပေါင်းစပ်ပေါင်း လာစုပြီးထိုင်ထားတဲ့ပုံစံမျိုး တွေ့ရတယ်။ ဟိုတပ်က ငါးယောက်လာခဲ့ ၊ ဒီတပ်က ငါးယောက်လာခဲ့ ဆိုတဲ့ပုံစံမျိုးတွေ ရှိတယ်လို့ သိရတယ်။ ပိုပြီးတော့ ထူးခြားတာက ဒီ‌တစ်ခေါက်မှာ သင်တန်းမပြီးသေးတဲ့သူတွေပါ လုံခြုံရေးအနေနဲ့ သံဘိုမှာ စစ်ကောင်စီဘက်က အသုံးပြုထားတယ်လို့ သိမ်းဆည်းရမိတဲ့စာရွက်စာတမ်းတွေအရ သိရှိရတယ်ဗျ”

ထို​ကြောင့်သံဘိုရှိစစ်တပ်စခန်းကိုသိမ်းပိုက်ပြီး နှင့် ပြင်ဦးလွင်မြို့နယ်အတွင်းမှ ​ကျောက်မဲ​လေးရွာမှ စစ်စခန်း​များကိုပါ​တော်လှန်​ရေးတပ်ဖွဲ့များထိုးစစ်ဆင်တိုက်ခိုက်​သောအခါ စစ်​ကောင်စီ ပြာယာခတ်သွားသည်။ပြင်ဦးလွင်အတိုက်မခံရ​စေရန် စယတပ်ဖွဲ့ဝင်​ထောင်ချီလုံခြုံ​ရေးချ၍ ကာ​တော့သည်။ မြို့ခံစစ်​ကောင်စီတပ်သားများမှာ စိတ်ဓါတ်ကျ ၊​​ခြောက်ခြား​နေ၍ အခြား​ဒေသမှ စစ်​သားများကို လုံခြုံ​ရေးချခဲ့ကြောင်းစစ်​ရေးသတင်းရင်းမြစ်အချို့က People’s Spring သို့​ပြောသည်။

တပ်တွင်း ဖရိုဖရဲဖြစ်​နေ​သောအ​ခြေအ​နေများကို ဒုဗိုလ်မှူးကြီးသက်​အောင်က ​​အောက်ပုအတိုင်း​ပြောသည်။

ခေါင်းဆောင်များလည်း နေရာ မကြာခဏလဲလှည်နေကြပြီး တပ်ကတည်ငြိမ်မှုမရှိခဲ့ကြောင်း သိရသည်။နေရာချိန်းကြတိုင်း သံဘိုတပ်မပါ၍ တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းလာခဲ့ကြသည်။

“ခေါင်းဆောင်တွေမှာလည်း နေရာလဲတဲ့ဟာတွေရှိတယ်။ အလျဥ်းသင့်သလိုလဲကြနဲ့ တပ်ကတည်ငြိမ်မှု တစ်ခါမှ မရရှိခဲ့ပါဘူး။ စိတ်ဓါတ်အခြေအနေကျတော့ တချို့တပ်တွေကျတော့ တစ်လတစ်ခါလဲတယ်။ တချို့တပ်တွေကျတော့ လေးငါးခြောက်လနေလို့ တစ်ခါမလဲဘူး။ သူတို့ရဲ့စိတ်ထဲမှာ လုံခြုံရေးချိန်းချင်ကြတယ်။ သံဘိုမှာမနေချင်ကြဘူး။ သံဘိုမှာမနေချင်ကြဘဲနဲ့ နောက်ကိုပဲ ပြန်ချင်ကြတယ်။ တော်တော်များများရဲ့စိတ်က အဲလိုဖြစ်နေကြတယ်။ တိုက်လိုခိုက်လိုစိတ်လ​ည်း မရှိကြဘူး။ တစ်လလောက်ပဲနေရတဲ့အဖွဲ့ကကျတော့ ခဏခဏချိန်းနေတယ်။ အဲဒီအချိန်မှာ ၄ လလောက် ကြာအောင် မချိန်းရတဲ့အဖွဲ့က စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်လာပါတယ်။”

သာမန်အခြေအနေများတွင် စစ်ဆင်ရေးများ၌ ဝင်ရမည့်အချိန်၊ နားရမည့်အချိန်ရှိ​သော်လည်း ယခုအာဏာသိမ်းကာလတွင်တော့ တပ်အများစုမှာ ရှေ့တန်းပြီးရှေ့တန်းဖြစ်နေ၍ စိတ်ဓာတ်ကျဆင်းနေကြောင်းသိရသည်။

“နားရတဲ့အချိန်ဆိုတာ မရှိသလောက်ဖြစ်သွားပြီ။ တစ်နှစ်ဆိုရင် တစ်နှစ်ပတ်လည်လုံးလုံး ကိုယ့်တပ်ကိုပြန်မကပ်ရတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အခါကျတော့ တော်တော်များများကတော့ Depression(စိတ်ဓာတ်ကျဆင်းခြင်း)တော့ ဝင်တာပေါ့ဗျာ။”ဟု ၎င်းက ဆိုသည်။

ထို့အပြင် တပ်မှူးများ၏ စီမံခန့်ခွဲမှုအလွဲများကြောင့်လည်း လက်အောက်ငယ်သားစစ်သားများ စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်လာခဲ့သည်ဟု သိရသည်။

ရှမ်းမြောက်အပါအဝင် ​တစ်နိုင်ငံလုံးမှာရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်လာသည့်အခါ အလွယ်တကူလက်နက်ချ အညံ့ခံခဲ့ကြသည်။ ထိုကဲ့သို့ လက်နက်ချခဲ့ရခြင်းနှင့်ပတ်သက်၍ ဒုဗိုလ်မှူးကြီးသက်အောင်က ယခုကဲ့သို့ ရှင်းပြသည်။

လက်နက်ချအညံ့ခံလိုက်သည့်အကြောင်းရင်းများထဲတွင် တပ်တွင်း၌ လက်သင့်ရာစားတော်ခေါ်ခြင်း၊ ငွေသုံးနိုင်ခြင်းများကြောင့် ရာထူးနေရာကောင်းများ ရရှိမှု ကွာခြားသွားခြင်းသည်လည်း အကြောင်းတစ်ခုအနေဖြင့် ပါဝင်ကြောင်း ဒုဗိုလ်မှူးကြီးသက်အောင်က ပြောသည်။

“ကောင်းတဲ့သူကျတော့လည်း ကောင်းတဲ့တပ်ချည့်ပဲ။ မကောင်းတဲ့သူ​ကျတော့လည်း မကောင်းတဲ့တပ်ချည့်ပဲ။ တော်တော်များများ အသေခံပြီး အလုပ်မလုပ်ချင်ကြတော့ဘူး။ ဝိုင်းလာတဲ့အချိန်ကျတော့ မထူးပါဘူးကွာ လက်နက်ချကြတာဆိုတာမျိုးဖြစ်လာတာ။”

နောက်ထပ်အကြောင်းရင်းတစ်ခုမှာ တပ်တွင်းရှိ မိသားစုဝင်များ၏ အသက်ဘေးကြောင့်လည်း ပါဝင်ခဲ့သည်။

“အပေါ်ကတော့ မြင်တာပေါ့ဗျာ။ ဒီလူတွေသူရဲဘောကြောင်တယ်။ သတ္တိမရှိဘူး။ ဒါပေမယ့်မဟုတ်ဘူးဗျ။ နောက်မှာ မိသားစုတွေပါတယ်။ တိုက်ခိုက်လို့ရှိရင် သေချာတယ် အဖိတ်အစင်များသွားမှာ။ မုန်းကိုးဒေသမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဥ်တွေနဲ့ မတူတော့ဘူး။ မုန်းကိုးမှာ Drop ဗုံးမပါဘူး။ ဒါပေမယ့်အခု Drop ဗုံးကို တွင်တွင်ကျယ်ကျယ်သုံးလာပြီ။ တိုက်ခိုက်လို့ရှိရင် သေချာတယ် နောက်တန်းမှာရှိတဲ့ ကတုပ်ကျင်းထဲမှာရှိတဲ့ ရဲမေတွေပါ အသက်ဆုံးရှုံးတော့မှာ။ ကလေးတွေပါတယ်ဗျ။ အများကြီး ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ဆိုလည်း ဒီလိုဆုံးဖြတ်မှာပဲ။”ဟု ဒုဗိုလ်မှူးကြီးသက်အောင်က ပြောသည်။

လက်အောက်ခံတပ်မှူးတစ်ယောက်အနေဖြင့် ကိုယ့်ရဲ့မိသားစုဝင်များကို ကယ်တင်ဖို့ရန်အတွက် ဆုံးဖြတ်ချက်ကို ချရမယ်ဆိုလျှင် ယခုအတိုင်းသာချမည်ဖြစ်ကြောင်းသူက ပြောသည်။

“လောက်ကိုင်လည်း အဲလိုဆုံးဖြတ်ချက်ချသွားတယ်လို့ထင်တယ်ဗျ။”

ဒုဗိုလ်မှူးကြီးသက်အောင်က နွေဦးတော်လှန်ရေးအပေါ် ယခုကဲ့သို့သုံးသပ်သည်။ နွေဦးတော်လှန်ရေးအစကာလကတော့ PDFများမှာတစ်တောင့်ထိုးသေနတ်များ၊ PPC ဖြင့်လုပ်ထားသည့်မိုင်းများ သုံးစွဲခဲ့ကြ၍ ရယ်ပင်ရယ်ချင်ခဲ့မိ​သေးသည်။

သို့သော် ၃ နှစ်တာကာလအတွင်း အပြောင်းအလဲတွေကတော့ ဒုဗိုလ်မှူးကြီးသက်အောင် မရယ်​နိုင်တော့။ ၃ နှစ်အတွင်း မြန်မြန်ဆန်ဆန် ပြောင်းလဲသွားသည့် တော်လှန်ရေးအင်အားစုများနှင့်ပတ်သက်၍ ဒုဗိုလ်မှူးကြီးသက်အောင်က ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“အဓိကက ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုပေါ့။ ပြည်သူလူထုရဲ့ထောက်ခံအားပေးမှုရတဲ့ အဖွဲ့အစည်းတစ်ခုက ရှေ့ကို ဝုန်းဝုန်းဝုန်းဝုန်းဆို တက်လာတယ်။”ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပါ ညီညီညွတ်ညွတ်နွှဲလိုက်တဲ့အချိန်တွင် နယ်မြေသိမ်းတိုက်ပွဲများ၊မြို့သိမ်းတိုက်ပွဲများ ဖြစ်လာခဲ့သည်။ ထိုအနေအထားမျိုး တခါမျှ မတွေးဖူးကြောင်း ဒုဗိုလ်မှူးကြီးသက်အောင်က ပြောသည်။

“ဒီရှမ်းမြောက်ဒေသကြီးတစ်ခုလုံးကိုတစ်လခွဲနှစ်လလောက်အတွင်းမှာ ဝုန်းဝုန်းဝုန်းဝုန်းဆိုပြီး ဖြစ်သွားလောက်မယ့်အနေအထားတစ်ခု တခါမှတော့ မတွေးမိဘူးဗျ။ တပ်တွေအစုလိုက် အပြုံလိုက် လက်နက်ချတဲ့ဟာမျိုး အဲဒါမျိုး ကျွန်တော်တစ်ခါမှတော့ မတွေးမိဘူး။”ဟု ၎င်းက ဝန်ခံသည်။

နွေဦးတော်လှန်ရေးနှင့်ပတ်သက်၍ ဒုဗိုလ်မှူးကြီးသက်အောင်က ယခုကဲ့သို့ ထင်မြင်ယူဆထားသည်။

“ဒီနှူန်းအတိုင်း ဆက်သွားမယ်ဆိုရင် သိပ်မကြာတော့ဘူးဗျ။ အဓိကကတော့ ဟန်ချက်ညီညီနဲ့ တိုင်မင်ခေါ်ပေးဖို့လိုတာပေါ့။ တစ်နေရာတည်းကနေ တိုင်မင်ခေါ်ပေးပြီး ဘယ်အဖွဲ့လှုပ်မယ်ဟေ့ ချကြ၊ ခဏနားလိုက်ကြ၊ ဘယ်အဖွဲ့လှုပ်မယ်ဟေ့၊ ချကြ ခဏနားလိုက်ကြ၊ အဲဒါဆိုရင်တော့ ဒီ့ထက်ပိုပြီးတော့ မြန်မယ်လို့တော့ထင်တယ်ဗျ။ နှစ်နှစ်မကြာလောက်ဘူးလို့ထင်တယ်။”ဟု ၎င်းက ပြောသည်။

ဒုဗိုလ်မှူးကြီးသက်အောင်သည် ၎င်းတို့စစ်တပ်၏ စစ်ရာဇဝတ်မှုများအတွက်လည်း ဝန်ခံခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများ၊ လူနေကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ၊ ပစ္စ​ည်းလုယက်ယူဆောင်မှုများကို ၎င်းကြားသိခဲ့ရကြောင်း ဝန်ခံသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများအတွက် စစ်တပ်ဘက်က ပြောဆိုမှုများကိုလည်း ဒုဗိုလ်မှူးကြီးသက်အောင်က ယခုကဲ့သို့ ရှင်းပြသည်။

“တခါတလေကျတော့လည်း ရွာတွေကျတယ်လို့ထင်တယ်။ ရွာတွေကျတယ်ဆိုတဲ့အချိန်မှာ ကျလည်းကျကွာ၊ PDF တွေရှိတဲ့ရွာပဲ၊ ဒီနားပတ်ချာလည်မှာ ရှိတဲ့ရွာတွေက သူတို့ကို အားပေးထောက်ခံတဲ့ရွာတွေပဲ။ မထူးပါဘူးကွာ၊ ဆော်သာဆော်ထည့်လိုက်တော့။ အဲဒီရွာတွေကနေပြီး အထောက်အပံ့ပေးထားလို့ ဒီအဖွဲ့တွေ ဒီလိုရပ်တည်နေနိုင်တာလို့ တခါတလေကျ ပြောသံကြားဖူးတယ်။”ဟု ၎င်းက ဆိုသည်။

“အိမ်တွေကိုဖောက်ပြီး ပစ္စည်းယူတာတို့ တွေ့ဖူးတယ်။ စုကတည်းကိုက ဘရုက်သုက်ခတွေပါတယ်။ ၃ တန်းအောင် ၄ တန်းအောင်တွေလည်း ပါတယ်။ တချို့တွေက စိတ်မထိန်းနိုင်ဘူး။”ဟု ဒုဗိုလ်မှူးကြီးသက်အောင်က ပြောသည်။

“တပ်ဖွဲ့ဝင်တွေရဲ့ကိုယ်စား စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာရှိခဲ့လို့ရှိရင် ကျွန်တော့်တပ်ဖွဲ့ဝင်တွေရဲ့ကိုယ်စား တောင်းပန်ပါတယ်။”ဟု ၎င်းက ​တောင်ပန်းသည်။

ဂျနီဗာကွန်ဗန်းရှင်းအရ စစ်သုံ့ပန်းကိုလည်းကောင်း၊ ကျောင်းဆရာကိုလည်းကောင်း သတ်ဖြတ်ခြင်းမပြုရဟုပါရှိ၍ ဒုဗိုလ်မှူးကြီးသက်အောင်ကို တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာထားခဲ့သည်။

သံဘိုတိုက်ပွဲဖြစ်နေချိန် ဒုဗိုလ်မှူးကြီးသက်အောင် စိတ်မကောင်း​စရာသတင်းစကားတစ်ခု ကြားရ​​​သေးသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကောင်စီလက်အောက်ရှိ စုပေါင်းစပ်ပေါင်းတပ်ကြီးမှ လူ၇၀ လောက်ဖြင့် စစ်ကြောင်းထိုးရသည်။ ထိုစစ်ကြောင်းသည် စစ်ဦးကျွံသွား၍ ဝိုင်းပတ်ချေမှုန်းမှု ခံလိုက်ရသည်။ ထိုစစ်ကြောင်း၌ ပါသွားသည့် စစ်တက္ကသိုလ်မှာရှိသည့် တပ်ကြပ်ကြီးတစ်ဦးမှာ ပျောက်ဆုံးသွားသည်။

တိုက်ပွဲဖြစ်နေချိန် အရှင်ဖမ်းမိသလား၊ အသတ်ခံရသလားမသိ။ သို့သော် တပ်က ခွင့်မဲ့ပျက်ကွက် ကြေညာလိုက်သည်။ ထိုတပ်ကြပ်ကြီးမိသားစု ပင်စင်မရခဲ့။

“အဲဒီလူရဲ့မိသားစုက လိုင်းခန်းမှာ ၃ ပတ်ပဲနေရတယ်။ ဖယ်ပေးလိုက်ရတယ်။ ပင်စင်လည်းမရဘူး။ ဘာမှလည်းမရဘူး။ အဲဒီမိသားစုကို အနားမှာရှိတဲ့ မိသားစုတွေက ဟိုလူကငါးသောင်းထည့် မရှိကြဘူးနော်။ ထမင်းစားဖို့ အမှန်အတိုင်းပြောရရင် မနည်းရုန်းကန်ကြရတာ။ ငါးသောင်းထည့် တစ်သိန်းထည့် အဲဒါနဲ့တင် အဆင်ပြေအောင် ဝိုင်းပြီး ရုန်းကန်ပေးကြတာ။”ဟု ဒုဗိုလ်မှူးကြီးသက်အောင် က ပြောပြသည်။

ထို့ကြောင့် ကျောင်းဆရာလည်းဖြစ်၊ ကိုယ်တိုင်လည်း လက်နက်ချခဲ့သည့် ဒုဗိုလ်မှူးကြီး သက်အောင်က စစ်ကောင်စီလက်အောက်ရှိ တပ်ဖွဲ့ဝင်များကို မိမိအသက် မိမိတည်တံ့အောင် ကြိုးစားကြရန် တိုက်တွန်းခဲ့သည်။

“ကျွန်တော့်အောက်ကရဲဘော်တွေ အမှန်အတိုင်းပြောရရင် ကျွန်တော်ချစ်ပါတယ်။ သူတို့ကို ဘာလက်ဆင့်စကားပြောချင်လဲဆိုရင်အသက်တစ်ချောင်းရဖို့မလွယ်ဘူးဗျ။ အဲဒီအတွက် မိမိအသက်ကို မိမိ တည်တံ့နိုင်အောင် ကြိုးစားကြပေါ့ဗျာ။ ဘယ်အချိန်မှာ ဘာဖြစ်လာမယ် ဘယ်သူမှမသိဘူး။”ဟုတိုက်တွန်းသည်။

အမှန်​တော့ သံဘိုတိုက်ပွဲတွင် စစ်​ကြောင်းမှူးဒုဗိုလ်မှူးကြီးသက်​အောင်သည် ရှင်သန်ခြင်းနှင့် ​သေဆုံးခြင်းတွင် ရှင်သန်ခြင်းကို​ရွေးခဲ့သူဖြစ်သည်။ ​​တော်လှန်​ရေးအဖွဲ့များထံတွင် လက်နက်ချမှုအ​ပေါ် စစ်အာဏာရှင်နှင့် အမြင်မှန်မရ​သေး​သောစစ်တပ်​ထောက်ခံသူများဘက်မှ ကြည့်လျင် ဗီလိန်ဖြစ်​သော်လည်း သန်း​ပေါင်းများစွာ​သော ပြည်သူများအတွက်မူ သူရဲ​ကောင်းဖြစ်သည်။

၎င်းနှင့် ၎င်းမိသားစု အတွက်လည်းဘဝသစ် ၊သမိုင်းသစ်​ရေးရန် အတွက် အ​ရေးကြီးဆုံးရှင်သန်မှုကို သူရခဲ့၏ ။

“ဒီကာလကြီးက ၂ နှစ်အလွန်ဆုံးပါပဲ။ နှစ်နှစ်အတွင်း မိသားစုဆီ အသက်ရှင်လျက် ပြန်လာနိုင်မှာပါ။”ဟုမိသားစုကိုသတင်းစကားပါးသည်။

စစ်​ကောင်စီလက်​အောက်တွင် ကျန်​နေ​သေး​​သော စစ်​ကောင်စီတပ်သားများကိုလည်းသူက ​အောက်ပါအတိုင်းအကြံပြုပါသည်။

“တပ်ကတော့ နောက်ဆုံးကျည်တစ်တောင့်ကျန်တဲ့အထိ ခံချလို့တော့ ပြောမှာပဲ။ ချသင့်မချသင့်ကတော့ ကိုယ်ဟာကိုစဥ်းစား။ အဓိကကတော့ ဒီစစ်ပွဲကြီးအတွင်းမှာ အသက်ရှင်ရပ်တည်နေနိုင်ဖို့က အရေးကြီးဆုံးပဲ။ အသက်ရှင်ရပ်တည်နေနိုင်မှ ကိုယ့်မိသားစုကို ပြန်ပြီးတော့ စောင့်ရှောက်နိုင်မှာ။ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကတော့ ကိုယ့်ဟာကို လည်သလို ကြည့်ပြီးတော့ လုပ်ကြမှာပဲ အဆင်ပြေမှာ။” ။