Scorpio/People’s Spring
“ဧည့်စာရင်းစစ်မယ်။ အိမ်ထဲမှာ ရှိသမျှလူတွေ အကုန်ထွက်ခဲ့။”
မန္တလေးမြို့၊ ဆင်ခြေဖုန်းရပ်ကွက်တစ်ခုရဲ့ မီး ပြတ်လို့ မှောင်မည်းနေတဲ့ ညတစ်ညမှာ အိမ်ရှေ့လမ်းထဲကအသံတွေ ကြားတော့ အသက် ၅၈ နှစ်အရွယ် ဒေါ်မြ(အမည်လွှဲ)တစ်ယောက် အိပ်ရာထဲကနေ ချက်ချင်းထလိုက်တယ်။ ဧည့်စာရင်းစစ်မယ်တဲ့။
ဒေါ်မြ ခေါင်းကြီးသွားတယ်။ အောက်ကထပ်ခေါ်တယ်။ “ဒီအိမ်ကလူတွေ ဆင်းမလာသေးဘူးလား။” ဒေါ်မြ တရုတ်ထုတ် အားသွင်းမီးအိမ်လေးယူရင်း အပြေးအလွှားဆင်းတယ်။ အိမ်တံခါးကိုဖွင့်လိုက်တယ်။ အိမ်ရှေ့မှာ စစ်သားတွေကော ထွေအုပ်ဝန်ထမ်းလို့ယူဆရတဲ့သူတွေ ရပ်ကွက်အုပ်ကြီးတွေကော အများကြီးပဲ။
“တခြားအိမ်သားတွေကော အကုန်ထွက်” လို့ ရပ်ကွက်ထဲက မြောက်ကြွကြွ အလိုတော်ရိတစ်ယောက်က ဒေါ်မြကိုအော်တယ်။
ဒေါ်မြက မုဆိုးမတစ်ယောက်၊ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။ ဒေါ်မြရဲ့ သားက အသက် ၂၇ နှစ်ရှိပြီ။ အိမ်ရှေ့ထွက်လာတဲ့ သားကို ဒေါ်မြကသူနောက်ဘက် အသာတွန်းပို့ထားလိုက်တယ်။
အဖွဲ့ထဲရာထူးအကြီးဖြစ်ပုံရတဲ့ စစ်ဝတ်စုံနဲ့တစ်ယောက်က သားကိုစေ့စေ့ကြည့်ရင်း “မင်းဘာအလုပ်လုပ်တာလဲ။”လို့ မေးတယ်။ သားက အဲဒီစစ်သားကို “ကျွန်တော် အရောင်းဝန်ထမ်းပါ”လို့ ခေါင်းငုံ့ရင်း ဖြေတယ်။
ဒေါ်မြ ရင်တွေလည်း ဗြောင်းဆန်အောင် ခုန်နေပြီ။ ထပ်မေးတာတာတွေလည်း ကြားတချက်၊မကြားတချက်။ နောက်တစ်အိမ်သွားမယ်ဆိုတဲ့ အသံထွက်လာမှ ဒေါ်မြ ဟင်းခနဲ သက်ပြင်းချမိတယ်။
သူတို့တွေပြန်သွားလို့ အိပ်ရာထဲ ပြန်ဝင်ခဲ့ပေမယ့် ဒေါ်မြ အိပ်လို့မပျော်တော့။ ဒီသောကအပူတွေ သူခံစားနေရတာ ကိုးလ ရှိခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးကတည်းက ဧည့်စာရင်းလာစစ်တိုင်း သူ့သားလေးကို စစ်မှုထမ်းခေါ်သွားမလားလို့ ရင်ပူနေခဲ့တယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တွေကို စစ်ရှုံးနိမ့်ပြီး မြို့တွေကို စွန့်လွှတ်လာရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူရဲ့ စစ်တပ်လူအင်အားဖြည့်တင်းနိုင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၄ နှစ်က ပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို ခပ်မြန်မြန်အသုံးချဖို့ လုပ်ခဲ့ပါတယ်။
၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ရက်မှာပဲ စတင်ကျင့်သုံးမယ်လို့ ကြေညာခဲ့ပြီး နည်းဥပဒေ မထွက်သေးခင်မှာဘဲ နိုင်ငံတဝန်းကလူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်ဆိုကာ သင်တန်းပေးနေတာ ခြောက်ကြိမ်မြောက် ရှိပါပြီ။ စစ်ကောင်စီ ပြောစကားအရ စစ်သင်တန်းတစ်သုတ်ကို ဦးရေ ငါးထောင်နှုန်းနဲ့ဆို စုစုပေါင်း လူငယ်သုံးသောင်း စစ်မှုထမ်းဖို့ ခေါ်ခံထားရတာပါ။ ဒါကြောင့် မြန်မာပြည်က မိခင်အများစုဟာ စစ်ကောင်စီကစစ်မှုထမ်းဖို့ သူတို့သားတွေကို ခေါ်သွားမှာ စိုးတဲ့ သောကတွေနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်တာတွေ ရှိလာခဲ့ကြပါတယ်။
ဒေါ်မြဆိုရင် “လူကြီးတွေလာခေါ်ရင်ကို လန့်နေတာ။”လို့ ပြောတယ်။
တခြားရပ်ကွက်ကလူငယ်တွေ တစ်ယောက်ပြီးတစ်ယောက် လာခေါ်သွားရင်လည်း စိတ်တွေ ယောက်ယက်ခတ်ပြီး ညဘက်တွေဆို ဒေါ်မြ အိပ်မပျော်တော့။မှေးခနဲ အိပ်ပျော်သွားရင်လည်း ရုတ်တရက်လန့်လန့်နိုးတာတွေ ဒေါ်မြ ကြုံလာရတယ်။
ဘာမှလည်း လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့တာ၊ အစားအသောက်တွေလည်း စားချင်သောက်ချင်စိတ်ပျောက်သွားတာတွေ ဖြစ်လာတဲ့ ဒေါ်မြဟာ နောက်ပိုင်းမှာ သတိတွေပါ မေ့လာသတဲ့။
သွေးတိုးရောဂါလည်းရှိတော့ ရင်တွေတုန်၊ ခေါင်းတွေမူးမူးလာတတ်လို့ သံပရာသီးကို သူအမြဲ ဆောင်ထားရတယ်။ “အဆိုးဆုံးကတော့ ညအိပ်မရတာပဲ”လို့ ဒေါ်မြက ထပ်ပြောတယ်။
ဒေါ်မြလိုပဲ စစ်မှုထမ်းဥပဒေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသူ နောက်တစ်ဦးက အသက် ၇၃ နှစ်အရွယ် ဒေါ်စိုး။ သူ့ရဲ့အငယ်ဆုံးသားလေးက အသက် ၂၈ နှစ်။ သားက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်အဖေ ဖြစ်နေပါပြီ။ ဒါပေမယ့် သားက ဇနီးနဲ့ ကလေးငယ်ငယ်နဲ့မို့ စစ်မှုထမ်းများ ပါသွားခဲ့ရင် သူ့မိသားစုတွေ ဘယ်သူများလုပ်ကိုင်ကျွေးမလဲဆိုတဲ့ သောကအပူ ဒေါ်စိုးမှာ ရှိနေတာပါ။
ဒေါ်စိုးလည်း ဒေါ်မြလိုပဲ စိုးရိမ်သောကတွေကြောင့် ညဘက် အိပ်မပျော်တဲ့ဝေဒနာ ခံစားနေရတယ်။ သောကကြောင့် အစားအသောက်တွေလည်း ပျက်တယ်။
“မတရားတာကြီး၊ အဓိပ္ပါယ် မရှိတာကြီး။ ကလေးတွေကို သက်သက် ဒုက္ခပေးတာ။”လို့ ဒေါ်စိုးက ရင်ဖွင့်တယ်။
စစ်ကောင်စီဟာ စစ်သင်တန်းဆင်းပြီးတဲ့သူတွေကို လက်တလောမှာ စစ်ရေးအရ ပြင်းထန်တဲ့ဒေသတွေကို တန်းပြီးပို့နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်မှုထမ်းပါသွားတဲ့ မိသားစုဝင်တွေက ပြောကြတယ်။ တိုက်ပွဲတွေမှာ သေဆုံးသူတွေထဲ စစ်ကောင်စီစစ်သင်တန်းဆင်းအသစ်တွေ ပါတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုကြတယ်။
အသက် ၆၆ နှစ်အရွယ် ဒေါ်ညို(အမည်လွှဲ)က စစ်ကိုင်းမြို့နယ်၊ ကျေးရွာတစ်ရွာက။ “ကျွန်မသားလေးဆို စစ်ကိုင်းမြို့ထဲအဖမ်းခံရပြီး တပ်မ၃၃ထဲ တန်းပို့တာ။ အခုလွိုင်ကော် အပို့ခံလိုက်ရတယ်။”လို့ သူက ပြောပြတယ်။
သားဖြစ်သူ စစ်မှုထမ်း ပါသွားကတည်းက ဒေါ်ညိုတစ်ယောက် အပူသည်ကြီးလို ဖြစ်ကျန်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပြတယ်။
စိတ်ကျန်းမာရေး အထူးကု ဆရာဝန် ဒေါက်တာလင်းလူကတော့ စစ်မှုထမ်းဥပဒေစပြီး ထွက်ပြီဆိုကတည်းက မိခင်တွေကော ဖခင်တွေပါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်ကြတယ်လို့ ဆိုတယ်။
“များသောအားဖြင့် ဖြစ်တာကတော့ စိုးရိမ်စိတ်များတာပေါ့။ သူတို့သားသမီးတွေ စစ်မှုထမ်းထဲပါသွားတော့မလား၊ သူတို့သားသမီးတွေ အနာဂတ်ပျက်သွားတော့မလားပေါ့။”လို့ ဒေါက်တာလင်းလူက ပြောပြတယ်။
တချို့မိဘကျတော့လည်း ကိုယ့်သားသမီးကို သူများတွေလို လွတ်ရာကျွတ်ရာနိုင်ငံခြားကို မပို့ပေးနိုင်၊ မလုပ်ပေးနိုင်တဲ့အတွက် သူတို့ကိုသူတို့ အပြစ်တွေတင်ပြီး စိတ်ကျတဲ့အခြေအနေမျိုးတွေလည်းရှိတယ်လို့ ဒေါက်တာက ဆက်ပြောပြတယ်။
စိုးရိမ်သောကဖြစ်တဲ့ မိဘတွေဟာ သူတို့ရဲ့စိတ်ဖိစီးမှုကို ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့အပေါ်မူတည်ပြီး စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ ကွာခြားသွားတာလည်း ရှိတယ်လို့ ဆိုတယ်။
“အရမ်းအစိုးရိမ်လွန်ပြီးတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ အစိုးရိမ်တွေများပြီးတော့ စိတ်ကျန်းမာရေးထိခိုက်သွားတဲ့သူတွေရှိနိုင်သလို တကယ်အခက်အခဲတွေ၊ အကြပ်အတည်းတွေ ကြားထဲမှာ စိတ်ဖိစီးမှုတွေရှိပေမယ့် သူရအောင်ဒီလိုအခြေအနေမျိုးကို သူဘယ်လိုကျော်ဖြတ်နိုင်မယ်၊ သူတို့သားသမီးကို အကောင်းဆုံး ဘယ်လိုမျိုးစီစဥ်နိုင်မလဲဆိုတဲ့ အဲလိုမျိုးမိဘတွေလည်း အများကြီးထွက်လာနိုင်တာပေါ့။”လို့ ဒေါက်တာလင်းလူက ရှင်းပြတယ်။
နောက်ဆက်တွဲအကျိုးရလဒ်က ကောင်းကျိုးကော ဆိုးကျိုးပါ နှစ်မျိုးလုံးရှိနိုင်တဲ့ သဘောပါ။
“စိတ်ကျန်းမာရေးထိခိုက်သွားတဲ့အမေတွေဆိုရင်တော့ စိုးရိမ်စိတ်များတဲ့ပြဿနာမျိုးတွေ၊ စိတ်ကျတဲ့ပြဿနာမျိူးတွေ အဖြစ်များလာနိုင်တယ်။ သူတို့ရဲ့လူမှုရေး၊ စီးပွားရေး၊ ပုံမှန်လုပ်တဲ့နေ့တဓူဝလုပ်တဲ့လုပ်ငန်းဆောင်တာတွေကအစ မကောင်းတဲ့အကျိုးသက်ရောက်မှုတွေ အများကြီးဖြစ်လာနိုင်တယ်။ ပုံမှန်လုပ်နေတဲ့အလုပ်တွေမလုပ်နိုင်တော့ဘူး။ Performance တွေကျလာမယ်။ တချိန်လုံးစိုးရိမ်စိတ်တွေပဲများလာပြီး ဒါကိုပဲထပ်တလဲလဲတွေးပြီးတော့ ဘာမှမလုပ်နိုင်ဘူးဖြစ်မယ်။ လူကအလိုလိုနေရင်းနဲ့ပင်ပန်းနေမယ်ပေါ့။”လို့ ဒေါက်တာက ပြောတယ်။
ဒီအခြေအနေကို တနိုင်ငံလုံးနီးပါးက မိဘတွေ၊ မိခင်တွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့အတွက် ဘဝတူတွေအများကြီးရှိနေတာကြောင့် ကိုယ့်မှာရှိတဲ့အင်အားနဲ့ ရသလောက်ကြိုးစားရုန်းကန်ဖို့ ဒေါက်တာလင်းလူက အကြံပြုပါတယ်။
“သူများတွေမလုပ်နိုင်တာမျိုးတွေ သူများတွေလိုမပေးနိုင်တာမျိုးတွေ မစဥ်းစားဘဲနဲ့ လက်ရှိအချိန်မှာ အကောင်းဆုံး လုပ်ပေးနိုင်တဲ့ဟာကိုပဲ ကိုယ်လည်းလုပ်နိုင်မယ့်ဟာမျိုး၊ သားသမီးအတွက်သင့်တော်မယ့်ဟာမျိုး တွေ ရွေးချယ်ပြီးတော့ပဲ လမ်းကြောင်းကိုရွေးပေးပါလို့အကြံပေးချင်ပါတယ်”လို့ ဒေါက်တာလင်းလူက ပြောပါတယ်။
စစ်ကောင်စီဟာ အခုလက်ရှိမှာ ပြဌာန်းဥပဒေအရ စစ်မှုထမ်းအသက်အရွယ်ထဲ အကျုံးဝင်တဲ့ သူတွေကို မဲနှိုက်ခေါ်ယူတာ၊ အတင်းအဓမ္မစုဆောင်းတာတွေ ရှိနေသလို စစ်မှုထမ်းတာကို လက်တလော ရှောင်လို့ရအောင် တစ်အိမ်ထောင်ကို သုံးသောင်းနှုန်းနဲ့ ကောက်ခံနေတာတွေ လာဘ်ငွေကို သိန်းဆယ်ချီတောင်းခံတာတွေလည်း မြို့နယ်တချို့မှာ ရှိနေပါတယ်။
AAPPရဲ့ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်မှ တာဝန်ရှိသူကတော့ “လာဘ်ပေးပြီးဖြေရှင်းတဲ့နည်းကတော့ ရေရှည်မဖြစ်နိုင်ပါဘူး။ အနှေးနဲ့အမြန် ပြန်ကြုံရမှာပါပဲ။”လို့ ပြောတယ်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( မြန်မာနိုင်ငံ) – AAPP က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတစ်ခုပါ။
စစ်အာဏာရှင်ရဲ့ မတရားဖိနှိပ်မှုကို တွန်းလှန်နိုင်မှ ပြေလည်နိုင်မယ့်ပြဿနာလို့ AAPP ရဲ့ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်မှ တာဝန်ရှိသူက ယုံကြည်ပါတယ်။ စစ်မှုထမ်းဆောင်ရမဲ့ အသက်အရွယ်ရှိတဲ့ ကိုယ့်သားသမီးတွေကို ပြည်ပနိုင်ငံတခုခုကို ထွက်ခွါသွားနိုင်အောင် ကြိုးစားတာ၊ လွတ်မြောက်နယ်မြေတခုခုကို သွားဖို့ကြိုးစားတာတွေလည်းလုပ်ကြည့်ဖို့ သူက တိုက်တွန်းတယ်။
ဒါပေမယ့် အဲဒီနည်းလမ်းတွေကလည်း ဒေါ်စိုးတို့ ဒေါ်မြတို့အတွက် အဆင်မပြေပါဘူး။ နိုင်ငံရပ်ခြားသွားဖို့ကတော့ သူတို့ဘဝတွေနဲ့ အလှမ်းဝေးလှပါတယ်။ လွတ်မြောက်နယ်မြေသွားမယ်ဆိုရင်တော့ သားတွေတင်မကဘဲ ကျန်တဲ့မိသားစုဝင်တွေပါ ရှောင်မှရမယ်လို့ ဒေါ်မြတို့က ယူဆတယ်။
“သားမတွေ့ မအေဖမ်း၊ ဖအေဖမ်းတာဆိုတော့ သွားမယ်ဆို သားအမိနှစ်ယောက်လုံး သွားမှကိုရမှာ။”လို့ ဒေါ်မြက ပြောတယ်။
လွတ်မြောက်နယ်မြေမှာ ရှိတဲ့ မိခင်တွေကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေသက်ရောက်မှုမရှိတာကြောင့် အဲဒီဥပဒေအတွက်နဲ့တော့ စိတ်သောကဖြစ်ရတာမျိုးမရှိဘဲ စစ်ကောင်စီစစ်ကြောင်းထိုးမှာ၊ လေကြောင်းတိုက်ခိုက်မှာတွေကြောင့်ပဲ စိတ်သောကရှိကြပါတယ်။
“သူတို့ကျ စိုးရိမ်စိတ်များကြတာ။ ည မအိပ်၊ ပူပန်ပြီး စကားပြော မမှန်လာကြတာတွေ၊ အဲဒီလိုတွေပဲ ရှိတယ်။” လို့ စစ်ကိုင်းတိုင်း၊ လွတ်မြောက်နယ်မြေတနေရာက စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးက ပြောပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ (PDF)တွေထဲ ဝင်သွားတဲ့ လူငယ်တွေရဲ့ မိခင်တချို့ကတော့ စိုးရိမ်စိတ်တွေရှိပေမယ့် တအားပူပန်နေတာမျိုးလည်း မဟုတ်ဘူးလို့ အထက်ပါစိတ်ကျန်းမာရေးဆရာဝန်က ပြောပြတယ်။
“ကိုယ့်သားသမီးက လုပ်ချင်တာ လုပ်နေတာမှာ စိုးရိမ်ရတဲ့ အခြေအနေရှိလို့ ပူတာတဖက်၊ နောက်တဖက်ကတော့ ဂုဏ်ယူတာပြောရမလား၊ အဲဒီလိုက တဖက်ပေါ့။”လို့ သူကဆိုတယ်။
AAPPရဲ့ စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်မှ တာဝန်ရှိသူကတော့ စိုးရိမ်စိတ်ရှိနေတဲ့ မိခင်တွေအနေနဲ့ လက်တလော စိတ်သက်သာစေမယ့် နည်းလမ်းတွေကို ဝေမျှပေးထားပါတယ်။
“ကိုယ့်ပတ်ဝန်းကျင်က ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ တိုင်ပင်ဆွေးနွေးတာမျိုး၊ စိတ်ပျော်ရွှင်စေတဲ့ နည်းလမ်းတွေကို ပြန်လုပ်တာမျိုး၊ တရားထိုင်တာ၊ ကိုယ်ယုံကြည်ရာဘာသာတရားတခုခုကို အာရုံစိုက်လုပ်တာ စသည်ဖြင့်တို့ကို လုပ်ရင်လည်း အဆင်ပြေနိုင်ပါတယ်။”လို့ သူက အကြံပြုတယ်။
တရားထိုင်တဲ့နည်းလမ်းကိုတော့ ဒေါ်စိုးတို့၊ ဒေါ်မြတို့ ကြိုးစားကြည့်ဖူးတယ်။ သောကအပူတွေလျော့အောင် ကိုးကွယ်ရာ ဗုဒ္ဓဘုရားရဲ့ ရုပ်ပွားတော်ရှေ့မှာ ဒေါ်မြ သွားထိုင်တယ်။ ဘုရားကန်တော့တယ်။ တင်ပလ္လင်ခွေထိုင်ကာ ဝင်လေထွက်လေ မှတ်ကြည့်တယ်။ ခြေထောက်က နာလာတော့ နာရင်နာတယ် မှတ်ကြည့်တယ်။ ဒါပေမဲ့ သူ့အာရုံက စစ်မှုထမ်းကိစ္စဆီပဲ ပြန်ရောက်သွားတယ်။
“ဘုရားသာကန်တော့ တရားသာထိုင်တာ၊ စိတ်က အဲ့ဆီပြန်ပြန်ရောက်သွားတာ”လို့ ဒေါ်မြက မသက်မသာပြောပြတယ်။
စိတ်ဓာတ်ပြန်လည်မြှင့်တင်ရေးအစီအစဉ်မှတာဝန်ရှိသူရဲ့ အကြံပြုချက်ထဲမှာ စိတ်သက်သာနေမှ၊ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို သေသေချာချာ စဉ်းစားနိုင်မှာဖြစ်လို့ စိတ်သက်သာအောင်ကြိုးစားကြဖို့ အကြံပေးထားသလို ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့နည်းလမ်းတွေ (self-care practice) ကိုလည်း အသုံးပြုကြဖို့လိုတယ်လို့ တိုက်တွန်းထားပါတယ်။
ဒီဆောင်းပါးရေးနေတုန်းမှာပဲ စစ်သင်တန်းကို ခုနှစ်ကြိမ်မြောက် ဖွင့်ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
ဒါကြောင့်လည်း ဒေါ်မြတို့နေတဲ့မြို့က ရပ်ကွက်အချို့မှာ စစ်မှုထမ်းဖို့ အသက်အရွယ်အကျုံးဝင်တဲ့ လူငယ်တချို့ ရုံးလာဖို့ ရပ်ကွက်အုပ်ကြီးတွေက ခေါ်စာပို့နေကြပါပြီ။ ဒေါ်မြအပါအဝင် မိခင်ဖြစ်သူတွေကတော့ သူတို့ရဲ့ သောကတွေကို ဖုံးကွယ်ထားရင်း “စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ” ဆိုတဲ့ အေဖိုးစာရွက်အပိုင်းလေး အိမ်ပေါက်ဝ ဘယ်တော့များ ရောက်လာမလဲကိုသာ ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရပါတော့တယ်။ ။
(စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်မှုထမ်းဥပဒေအား ဆန္ဒပြနေသော အမျိုးသမီးများအား ယခုနှစ်မတ်လကတွေ့ရစဥ်/ အဓမ္မစစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့်လူငယ်များအား အောက်တိုဘာလအတွင်းကတွေ့ရစဥ်/ ရန်ကုန်မြို့တွင်စစ်မှုထမ်းဥပဒေကို ဆန္ဒပြနေကြသည့် လူငယ်အချို့အား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဥ်။ ။ဓာတ်ပုံ-CJ ၊စစ်ကောင်စီ)