(မေဒေး အလုပ်သမားနေ့ ဆောင်းပါး)
ဟာနာဆန်/People’s Spring
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အာဏာသိမ်းကာလအတွင်း မြန်မာပြည်ခေတ္တအလည်ပြန်ဖို့ ကြိုးစားချိန်တိုင်း စိုးရိမ်သောကတွေ၊ ရှုပ်ထွေးလှတဲ့ စည်းမျဉ်းတွေနဲ့ ငွေကုန်ကြေးကျများလှတဲ့ပြည်တော်ပြန်ခရီးတွေအဖြစ် ပြောင်းလဲနေပါတယ်။ ဘာတွေကြောင့်ပါလဲ။
-အာရုံနောက်စေတဲ့ OWIC

Public Service Announcement
ပြည်ပကို တရားဝင်ထွက်ခွာ အလုပ်လုပ်ကိုင်သူတိုင်း ကိုင်ဆောင်ရတဲ့ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား OWIC (Overseas Worker Identification Card)ကတ်ဟာ လက်ရှိမှာ အလုပ်သမားတွေအတွက် အကာအကွယ်ပေးတဲ့ လက်မှတ်တစ်ခုထက်၊ အိမ်ပြန်ဖို့ ခက်ခဲစေတဲ့အတားအဆီးတစ်ခုသဖွယ် ဖြစ်လာနေကြောင်း ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။
အထူးသဖြင့် လုပ်ငန်းခွင် ပြောင်းလာသူတွေအတွက် ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေကြောင်း ပြည်ပမှာ အလုပ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။
နိုင်ငံတကာမှာ အလုပ်ဗီဇာ တစ်ကြိမ်ရရှိထားပါက သတ်မှတ်သက်တမ်းအတွင်း အလုပ်ပြောင်းလဲမှုကို လူဝင်မှုကြီးကြပ်ရေးသို့ အကြောင်းကြားရုံနဲ့ လုံလောက်ပေမဲ့ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းအရ အလုပ်ပြောင်းတိုင်း OWIC ကတ်အသစ် ပြန်လည်လျှောက်ထားဖို့ လိုအပ်နေတာပါ။ ၎င်းကတ်ဟာ ၅ နှစ်သက်တမ်း ရှိပေမဲ့ အလုပ်အကိုင် အချက်အလက် ပြောင်းလဲမှုရှိပါက အသစ်လဲရမယ်ဆိုတဲ့ စည်းကမ်းဟာ အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။
“ အလုပ်ပြောင်းတိုင်း ကတ်လဲဖို့ကအတော်လေးအခက်ခဲဖြစ်နေကျရတဲ့ကိစ္စပါ။ ကတ်လဲတဲ့အခါမှာလည်း လနဲ့ချီကြာမြင့်နေမှုက ခွင့်ပြန်သမားများအတွက် ဘယ်လိုမှအဆင်မပြေပါဘူး” လို့ ကိုရီးယားရောက် မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
အလုပ်သမားတစ်ဦးဟာ မြန်မာနိုင်ငံသို့ ခွင့်ပြန်လာချိန်မှာ အလုပ်ရှင်ပေးတဲ့ ခွင့်ရက်မှာ ပုံမှန်အားဖြင့် (၁) ပတ်မှ (၂) ပတ်ခန့်သာ ရှိတတ်ပါတယ်။ သို့သော် OWIC ကတ် အသစ်လျှောက်ထားဖို့ ကြာမြင့်ချိန်ဟာ (၂) ပတ်မှ (၃) ပတ် (သို့မဟုတ်) အဲဒီထက် ပိုမိုကြာမြင့်နိုင်တယ်လို့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။
အဲဒီကတ်ရဖို့ စောင့်ဆိုင်းနေစဉ်အတွင်း ခွင့်ရက်ကျော်လွန်သွားပါက အလုပ်ပြုတ်တာတွေ၊ လေယာဥ်လက်မှတ်ဆုံးရှုံးတာတွေလည်း အဖြစ်များနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ နိုင်ငံခြားသားအလုပ်ရှင်က ခွင့်ကို လနဲ့ချီလိုတိုင်းပေးမဲ့အလုပ်ရှင်မျိုးဆိုတာ လက်ချိုးရေလို့ရပါတယ်။ ရက်ပိုင်းလောက်နဲ့ပြီးနိုင်မယ်ဆိုကောင်းမှာပါ။ မဟုတ်ရင် ခွင့်ပြန်သမားဟာ ကတ်လဲတာစောင့်ရင်း အလုပ်ပြုတ်ပြီး ဒုက္ခရောက်မှာ” လို့ ပြည်ပရောက် အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အကြောင်းအမျိုးမျိုးပြနေတဲ့ အချက်တွေကြောင့်လည်း OWIC ကတ်လုပ်ရမှာ ကြန့်ကြာမှုတွေရှိနေတယ်လို့ သိရပါတယ်။
-ကြန့်ကြာလွန်းတဲ့ ပြန်လည်ထွက်ခွာခွင့်
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားတွေဟာ ရန်ကုန်လေဆိပ်မှာ အလုပ်သမားဝန်ကြီးဌာနရဲ့ ဆိုက်ရောက်ကောင်တာမှာ သတင်းပို့ရတယ်။ အဲဒီမှတ်တမ်းရှိမှသာ ပြည်ပ ပြန်ထွက်ခွင့်ရမယ်လို့ စစ်ကောင်စီက ကြေညာခဲ့တယ်။ ဒါ့အပြင် ပြည်ပအလုပ်ရှင်ရဲ့ ပြန်ခွင့်ပြုတဲ့စာအပြင် အခြားအထွေထွေစစ်ဆေးဖို့အတွက် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနကို မထွက်မီ ၅ ရက် ကြိုပြီးစာတင်ရတယ်။ ထွက်ခွင့်ပြုတဲ့စာရင်းကို Safe Migration Telegram မှာ ကြေညာတယ်။ တချို့ဆို မနက်ဖြန်ထွက်ရခါနီးပြီ။ ထွက်ခွင့်အမိန့်က ကျမလာသေးတာတွေရှိတယ်။ ရင်တုန်ပြီးစောင့်ရတယ်လို့ ပြည်တော်ပြန်အလုပ်သမားတွေက ပြောတယ်။
တကယ်လို့ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်ထွက်ခွာမယ့် အလုပ်သမားတွေအနေနဲ့ Work Permit၊ ဗီဇာနဲ့ ခွင့်စာပါ လုပ်ငန်းခွင်နဲ့ OWIC ကတ်မှာပါတဲ့ လုပ်ငန်းခွင် မတူဘူးဆိုရင် OWIC ကတ် ပြန်လျှောက်ဖို့ ညွှန်ကြားပြန်ပါတယ်။
OWIC ကတ်ကလည်း အထက်မှာပြောခဲ့သလို အခက်အခဲတွေ ရှိနေခဲ့တယ်။ OWIC ကတ်ရှိရုံနဲ့လည်း မလုံလောက်ဘဲ ယခုအခါ ပြန်လည်ထွက်ခွာခွင့် တင်ပြရတဲ့ လုပ်ငန်းစဉ်ကလည်း လွန်စွာ ခက်ခဲလာကြောင်း ခွင့်ပြန်အလုပ်သမားတွေက ပြောပါတယ်။
ဆေးကုသဖို့ ခွင့်ယူပြန်လာသူတွေ သို့မဟုတ် အလုပ်ရှင်က ခွင့်ရက် အလုံအလောက် ပေးထားသူတွေပင်လျှင် ထွက်ခွာခွင့် လျှောက်ထားရာမှာ အချိန်မီ မကျလို့ လေယာဉ်လက်မှတ်တွေ ဆုံးရှုံးတာ၊ အကြိမ်ကြိမ် လေယာဉ်လက်မှတ် ပြန်ဝယ်ရလို့ ငွေကုန်ကြေးကျများတာ၊ အလုပ်ရှင်နဲ့ အလုပ်သမားကြား ယုံကြည်မှုပျက်ပြားတာတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အဲဒါတွေနဲ့တင် အားမရသေးဘဲ မေလ ၁ ရက်နေ့ကစပြီး နောက်တမျိုး ထပ်တိုးလိုက်ပြန်ပါတယ်။ အဲဒါကတော့ သံရုံးထောက်ခံစာပါ။
-ထပ်တိုးလိုက်ပြန်တဲ့ သံရုံးထောက်ခံစာ
ခွင့်နဲ့ပြန်လာပြီဆိုရင် အလုပ်ရှင်ရဲ့စာတင်မကတော့ဘဲ သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာသံရုံးတွေ၊ အဖွဲ့ရုံးတွေ ကောင်စစ်ဝန်ရုံးတွေဆီ သွားပြီး ခွင့်စာပြပြီး ထောက်ခံစာတောင်းဖို့ အာဏာသိမ်းစစ်တပ်က ညွှန်ကြားလိုက်ပြန်တာပါ။
သံရုံးထောက်ခံစာ လူကိုယ်တိုင်လျှောက်ရမယ်ဆိုရင် မြန်မာသံရုံးမရှိတဲ့နိုင်ငံတွေမှာအလုပ်လုပ်နေရတဲ့ သူတွေ၊ သံရုံးရှိပေမဲ့ မြို့ကြီးအထိသွားလုပ်ရမယ့်သူတွေအတွက် အဆင်မပြေမှုတွေ ကြုံရမှာဖြစ်ကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
အနီးဆုံးနိုင်ငံသို့ သွားရောက်ဖို့ လေယာဉ်လက်မှတ်ခ၊ ဗီဇာကြေးနဲ့ ဟိုတယ်တည်းခိုခများ ထပ်ဆောင်းကုန်ကျတာ၊ ရရှိထားတဲ့ အားလပ်ရက်တွေဟာ ထောက်ခံစာရဖို့ ကုန်ဆုံးသွားတာ၊ စာရွက်စာတမ်းတစ်ခုအတွက် အခြားနိုင်ငံသို့ သွားရောက်ရတာဟာ အချိန်နဲ့ ငွေကြေးအရ များစွာထိခိုက်နစ်နာစေတာတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
“ သံရုံးမှာထောက်ခံစာသွားယူဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဂျပန်မှာဆို သံရုံးက တိုကျိုမှာ။ သံရုံးသွားဖို့ ခရီးသွားစရိတ်လာစရိတ်အပြင် အလုပ်က ခွင့်ယူရတာတွေအဲ့လောက်မလွယ်ဘူး” လို့ ဂျပန်ရောက် မြန်မာအမျိုးသမီးတစ်ဦးက ပြောပါတယ်။
-သိန်း ၁၀၀ အထိ ပေါက်နေတဲ့ VIP လမ်းကြောင်း
အခုဆိုရင် အလုပ်သမားတွေဟာ ခွင့်ပြန်ထွက်ခွာခွင့်ရဖို့အတွက် ပွဲစားတွေကို အားကိုးနေရကြောင်း ခွင့်ပြန်အလုပ်သမားတွေက ပြောပါတယ်။ အဆိုးဝါးဆုံးကတော့ VIP လမ်းကြောင်းလို့ ခေါ်တဲ့ အမြန်လမ်းကြောင်းတွေပါ။ သိန်း ၇၀၊ ၈၀ ကနေ သိန်း ၁၀၀ အထိ တောင်းဆိုနေတာတွေ ရှိနေကြောင်း ခွင့်ပြန်အလုပ်သမားတွေက ပြောပါတယ်။ “ ပွဲစားနဲ့အပ်လည်း ကျချင်မှကျတာ” လို့ ခွင့်ပြန်အလုပ်သမားတစ်ဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေအရ မြန်မာနိုင်ငံကနေ ပြည်ပသို့ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၁ ဒသမ ၁၂ သန်းခန့် ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ဘဏ် (World Bank) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့၏ ထုတ်ပြန်ချက်တွေအရတော့ ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားဦးရေမှာ ၄ ဒသမ ၂ သန်းကျော်အထိ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်အုပ်စု ဒုက္ခပေးမှုတွေကြောင့် လေးသန်းကျော်သော ပြည်သူတွေဟာ အိမ်ပြန်ဖို့စဥ်းစားတိုင်း သောကတွေ များနေရပါတယ်။
“ နောက်ဆိုအဝင်ပဲလက်ခံမယ်။ ပြန်အထွက်မခံဘူးဆိုတာတွေ ဖြစ်လာတော့မယ်ထင်တာပဲ” လို့ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောလိုက်ပါတယ်။ ။




















































