ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် စံပြ(၆)ကျေးရွာ အိမ်အမှတ် ၃-၂၇ ၏ ဘေးချင်းကပ်အိမ်ဝင်းအတွင်း ခေါင်းဖြတ်သတ်ထားသော လူသေအလောင်းများ တွေ့ရှိခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူအင်အားစု (PKPF)က ယနေ့ထုတ်ပြန် သည်။
အဆိုပါအိမ်ဝင်းအတွင်း၌ အပုပ်နံ့များရရှိ၍ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်(ကလလတ)တပ်ဖွဲ့၊ ကယန်းပြည်သစ်ပါတီတပ်ဖွဲ့နှင့် ကယောငြိမ်းချမ်းရေးတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးကြည့်ရာ နေအိမ်အနောက်ဖက်ရှိ အိမ်သာကပ်လျက်ကျင်းတွင် လူသေအလောင်းများကိုတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ထိုအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့မှနှစ်လခန့်တပ်စွဲထားရာမှ တပ်စွဲထားသောစစ်ကောင်စီအဖွဲ့သည် ဇူလိုင် ၁၀ ရက်တွင် တပ်ချိန်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအလောင်းများမှာ မိသားစုလိုက်ဖြစ်နိုင်ခြေရှိပြီး ရက်ရက်စက်စက် ခေါင်းဖြတ်ပြီးသတ်ထားသည်ကိုတွေ့ရှိရကြောင်း ဖော်ပြထားသည်။
အပြစ်မဲ့ပြည်သူအလောင်းများကို ပြည်သူ့လွတ် မြောက်ရေးတပ်အဖွဲ့အစည်းများက မီးသဂြိုလ်ပေးခဲ့ကြောင်း ပါရှိသည်။

Public Service Announcement
ထို့အပြင် မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် လူနေအိမ် ၈၈လုံး ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း PKPFက ဇူလိုင်၁၀ရက်တွင် ထုတ်ပြန်ထားသည်။
သို့သော် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် ၈၈လုံးမှာ ၎င်းတို့ စာရင်းကောက်ယူထားသည့်အရေအတွက်သာဖြစ်ပြီး အဆိုပါအရေအတွက်ထက်မနည်းရှိနိုင်ကြောင်း PKPFက ဆိုသည်။
တစ်အိမ်လုံးပြာကျခဲ့သည့် နေအိမ်၂၀လုံးလက်နက် ကြီးထိမှန်သည့်နေအိမ် ၂၈ လုံးနှင့်လက်နက်ငယ် ထိမှန်သည့် လူနေအိမ်၄၀လုံးတို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ဒီးမောဆိုမြို့နယ်တွင် လူနေအိမ် ၅၈လုံး၊ လွှိုင်ကော်တွင် ၉လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု PKPFက ထုတ်ပြန်ထားသည်။
