ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်လမ်း၊ မဟာဗန္ဓုလမ်း၊ အနော်ရထာလမ်း၊ ရွှေတိဂုံဘုရားလမ်းနှင့် နေရာအချို့ကို ယနေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက လမ်းများပိတ်ဆို့ထားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
“ညနေ ၃ နာရီခွဲလောက်ထဲက မြို့ထဲက လမ်းတော်တော်များများကို အကာတွေနဲ့ တားပြီး ပိတ်ထားတာပါ။ ကားတွေကိုလည်း ပြန်လှည့်ခိုင်းတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ရဲတွေရော စစ်သားတွေရော အများကြီးပဲ ရောက်နေတယ်။ မော်တော်ပီကယ် တစ်ယောက်ပြောတာတော့ ဗုံးတွေ့လို့ ပြောတာပဲ”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့လယ်ရှိ တရားရုံးချုပ်အနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း ပြည်သူအချို့က ပြောဆိုနေကြသော်လည်း People’s Springက သီးခြားအတည်မပြုနိုင်သေးပါ။
ယနေ့ နေ့လည်ပိုင်းတွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးအပါအဝင်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။