မတူပီ – ပလက်၀လမ်းပေါ်ရှိ စစ်ကောင်စီ၏ ထယ်ဘွေးတပ်စခန်းကို ယနေ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးခဲ့သည်ဟု မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က သတင်း ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၁ရက် နံနက် ၁၁နာရီကျော်အချိန်တွင် မတူပီ CDFက အဆိုပါ တပ်စခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး CDF ရဲဘော်များထိခိုက်မှုမရှိဟု ဆိုသည်။
ယင်းတပ်စခန်းကို ဇန်နဝါရီ ၃ရက်မှစ၍ မတူပီ CDFက အကြိမ်ကြိမ် တိုက်ခိုက် ခဲ့ရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိပြီး စစ်ကောင်စီတပ်က ပိုမိုအထိနာခဲ့သည်။
မတူပီ – မင်းတပ်လမ်းမပေါ်တွင်လည်း စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပြီး အရပ်သား တစ်ဦးသေဆုံးခဲ့ကြောင်းကိုလည်း CDFက ထုတ်ပြန်သည်။ အဆိုပါ လမ်းမရှိ ခြန်းပြန်း(ခ)ရွာတွင် နေထိုင်သူ ဦးလောင်နိုး သည် နွားနောက်ရှာရင်း မိုင်းနင်းမိရာ ယနေ့ နေ့လည် ၁နာရီခွဲတွင်သေဆုံး ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် ယခင်ကလည်း အဆိုပါလမ်းပိုင်း၌ မိုင်းထောင်ထားရာ မင်းတပ်မြို့နယ်ရှိ ကလေးမိခင်တစ်ဦး မိုင်းနင်းမိသေဆုံးကာ ကလေးငယ်မှာ ခြေထောက်ဖြတ်တောက်ခဲ့ရသည်။


















































