အကြမ်းဖက်စစ်ကောင်စီ အရာရှိများသွားရောက်ပျော်ပါးလေ့ရှိသည့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၁)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ K2 KTV ကို လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြောင်း တရားမျှတမှုယူဆောင်သူတပ်ဖွဲ့ (Justice Bringer Force -JBF )မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲဒီ့နေရာက ဂျောင်ထဲမှာဆိုတော့ မြောက်ဒဂုံထဲက ရဲတွေအပြင် မြို့ထဲတို့ဘာတို့က အကောင်တွေပါလာတယ်။သူတို့သားသမီးတွေလာတယ်။မူးယစ်ဆေးဝါးနဲ့နာမည်ထွက်နေတာတော်တော်ကြာပြီ”ဟု အထက် ပါတာဝန်ရှိသူက People’s Springသို့ ပြောသည်။

ယင်းတိုက်ခိုက်မှုကို ဧပြီ ၁၇ ရက် နံနက် ၅ နာရီခန့်တွင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုနှင့်ပတ်သက်၍ မသိရသေးကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများသွားရောက်သည့်နေရာများသို့သွားသွားရောက်ခြင်းမပြုရန်JBFက မေတ္တာရပ်ခံထားသည်။
JBF အဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့ကိုထောက်ပံ့နေသည့် ထောက်တိုင်များကို အဓိကတိုက်ခိုက်သည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့ကို ထောက်ပံ့ပေးနေသော ရန်ကုန်မြို့ရှိနာမည်ကြီး Barများကိုလည်း တိုက်ခိုက်ထားသည်။
