ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးရှိ တာဝါတိုင်ကျေးရွာ မီးရှို့ဖျက်ဆီးသည့် စစ်ကောင်စီတပ်အား သာယာဝတီခရိုင်နှင့် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်များက သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၂ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။
အုတ်ဖိုမြို့နယ် တာဝါတိုင်ရွာအနီးတွင် မတ်လ ၂၄ရက်က တစ်ကြိမ်၊ မတ်လ ၂၆ရက်က တစ်ကြိမ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။
မတ်လ ၂၄ရက် နံနက်က တာဝါတိုင်ရွာအနီးတွင် အင်အား ၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၅ (ဗိုလ်မိုးကြိုးအဖွဲ့)က ဦးဆောင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သလို မိုင်းဖြင့်လည်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ – Bago Region PDFက မတ်လ ၂၅ရက်တွင် ထုတ်ပြန်သည်။

ထို့နောက် မတ်လ ၂၅ ရက်က စစ်ကောင်စီတပ်သည် ယာဉ်နှစ်စီးဖြင့် ထပ်မံအင်အားဖြည့်ရောက်ရှိလာပြီး ယင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂၆ရက်တွင် ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။
သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – ၄ ၊တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ – ၅ နှင့် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ – ၅၊တပ်စု ၂ ပူးပေါင်းတပ်ဖွဲ့များက မြွေပွေးစစ်ကြောင်းနှင့် မြင်းပျံစစ်ကြောင်းဟူ၍ စစ်ကြောင်းနှစ်ခုခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဘက်မှ ၆ ဦးထက်သေဆုံးကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲ – Bago Region PDF က သတင်းထပ်မံထုတ်ပြန်သည်။
သုံးရက်အတွင်း နှစ်ကြိမ်ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၂ဦးထက်မနည်းသေဆုံးသည်ဟု ဆိုသည်။
စစ်ကောင်စီတပ် သေဆုံး ဒဏ်ရာရမှုအခြေအနေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။ပဲခူးတိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူကို ဆက်သွယ်ရန်ကြိုးစားနေသော်လည်း ဆက်သွယ်မရသေးပါ။
စစ်ကောင်စီတပ်သည် တာဝါတိုင်ကျေးရွာမှ နေအိမ်များကို ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများ လုယူသွားသည်ဟု ဒေသခံများကပြောသည်။
ထိုနေ့ နံနက်ပိုင်းက ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခြောက်ဦးသေဆုံးခဲ့ပြီး အထိနာသွားသောကြောင့် ကျေးရွာကိုမီးလာရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။
