စစ်ကိုင်းတိုင်း ကနီမြို့နယ် အလယ်ကျွန်းကျေးရွာမှ စစ်ကောင်စီနှင့်ပျုစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်လေးဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ သုံးဦးသေဆုံးကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် – (DRPA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီ ၄ရက် နေ့လည် ၁၂နာရီဝန်းကျင်ခန့်ကအလယ်ကျွန်းရွာမှ စစ်ကောင်စီနှင့်ပျုစောထီးအဖွဲ့ စစ်ကြောင်းကို သရက်တောရွာအနီးတွင် တိုက်ခိုက်ခြင်းဟု DRPA က ထုတ်ပြန်သည်။
” သူတို့က အင်အား ၅၀ခန့်ပါတယ်။ မိုင်းကွင်းထဲကို နွားတွေအရင်ဖြတ်ခိုင်းတယ်။ ကျွန်တော်တို့က မီတာ၁၀၀ အကွာလောက်ကနေ တိုက်တာ။သတင်းပေးတွေကနေတဆင့် သိရတာက သုံးယောက် သေတယ်။ ဒဏ်ရာရတာတွေများပြီး အသေးစိတ်တော့ မသိရသေးဘူး” ဟု DRPA တာဝန်ရှိသူကဆိုသည်။
တိုက်ပွဲသည် ၁နာရီခွဲခန့်အထိကြာခဲ့ပြီး အလွန်ပြင်းထန်ခဲ့သည်ဟု ၎င်းက ပြောသည်။ ထို့အပြင် စစ်ကောင်စီနှင့်ပျုစောထီးအဖွဲ့က မိုင်းကွင်းအတွင်းဖြတ်ရန် မောင်းလွှတ်လိုက်သော နွားအုပ်မှ နွားလေးကောင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့သည်။

Public Service Announcement
အဆိုပါတိုက်ပွဲကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော DRPA ခရိုင်ရင်း(၂)၊ အမေ့သားကျားသုံးဖော်နှင့် KPDF – 1၏ KGF တပ်ခွဲတို့ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းသူဟု သတင်းရရှိသည်။ တိုက်ပွဲအတွင်း DRPA ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

















































