Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ​ဒေါ်​အောင်ဆန်းစုကြည်ကို ဦးတီခွန်မြတ်အပါအဝင် သံတမန်အချို့နှင့်​တွေ့ဆုံခွင့်ပြုဟုသတင်းများထွက်​ပေါ်​နေ

အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ စီစဥ်တွေ့ဆုံခွင့်ပေးသော သံတမန်အချို့အပါအဝင် ပြည်တွင်း၊ ပြည်ပဧည့်သည်အချို့နှင့် တွေ့ဆုံခွင့် ပေးနေကြောင်း နေပြည်တော်သတင်းရင်းမြစ်အချို့ကပြောသည်။

(​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင်​ဒေါ်​အောင်ဆန်းစုကြည် နှင့် ဦးတီခွန်မြတ်ကို အခမ်းအနားတစ်ခု၌​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်တွင်​ဒေါ်​အောင်ဆန်းစုကြည် နှင့် ဦးတီခွန်မြတ်ကို အခမ်းအနားတစ်ခု၌​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎ဘက်​ပေါင်းစုံအကြပ်ဆိုက်​နေ​သောစစ်​ကောင်စီက NLD နှင့် ​တော်လှန်​ရေးအင်အားစုများကို​သွေးခွဲရန်ကြိုးစားခြင်းဟု​တော်လှန်​ရေးအင်အားစုအချို့သုံးသပ်

▪︎”တော်လှန်ရေး မျက်ခြေမပြတ်ဖို့က ပိုအရေး ကြီးပါတယ်။ အရှိန်အဟုန် ရပ်တန့်မသွား ဖို့ အရေးကြီးပါတယ်။ ပွဲ ကမပြီးသေးပါဘူး ။ ရှေ့ဆက်ကြဖို့ပါပဲ”-​ဒေါ်ဇင်မာ​အောင်

စစ်အုပ်စုသည်အဓမ္မ နှစ်ရှည်​ထောင်ဒဏ်ချထားသော ဒေါ်အောင်ဆန်းစုကြည်ကို ယခုလပိုင်းအတွင်း နေပြည်တော်အကျဥ်းထောင်မှ ၎င်းတို့စီစဥ်ပေးထားသည့် (အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရုံးတက်ရာ နိုင်ငံတော်သမ္မတအိမ်တော်ဝန်းနှင့် မလှမ်းမကမ်းရှိ) ဝန်ကြီးအဆင့်နေအိမ်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိုသူ အချို့နှင့် စစ်ခေါင်းဆောင်စေလွှတ်သူများနှင့် တွေ့ဆုံခွင့်ပေးနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

“တောင်းဆိုခွင့်တောင်းသူတွေနဲ့ ပေးတွေ့မှာလား။ ဒါမှမဟုတ် သူတို့(စစ်ကောင်စီ)တွေ့စေချင်တဲ့ သူတွေနဲ့ပဲ ပေးတွေ့မလားဆိုတာ စောင့်ကြည့်ရမယ်” ဟု ၎င်းက ဆက်ပြောသည်။

နေပြည်တော်ရှိ သတင်းအရင်းအမြစ်အချို့၏ အဆိုအရ စစ်ကောင်စီသည် ယမန်နေ့(ဇူလိုင် ၂၇ ရက်)က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးခဲ့ပြီး ယနေ့(ဇူလိုင် ၂၈ ရက်)တွင် မြန်မာနိုင်ငံသို့ရောက်ရှိနေသော တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပေးမည်ဟု သတင်းများထွက်​ပေါ်​နေသည်။ သို့​သော် အဆိုပါသတင်းများအ​​ပေါ် People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ ။

ထိုအပြင်အာဆီယံမှ သံတမန်အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ ခွင့်တောင်းထားပြီး အာဏာသိမ်း​ခေါင်း​ဆောင် စေလွှတ်သည့် စစ်ဗိုလ်ချုပ်အချို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံမှုများ ရှိနေကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီသည် ယခုလကုန်(ဇူလိုင် ၃၁ ရက်)တွင် အရေးပေါ်အခြေအနေသက်တမ်း ၆ လကုန်ဆုံးမည်ဖြစ်ပြီး ယင်းသက်တမ်း ထပ်မံမတိုးမီ ဘက်​ပေါင်းစုံ အကြပ်​တွေ့​နေချိန်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာခြင်းဖြစ်သည်။ အရေးပေါ်အခြေအနေသက်တမ်းတိုးပါကစစ်​ကောင်စီ၏ ကာလုံ(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ)အစည်းအဝေးခေါ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက်တွင် ခေါ်ယူကျင်းပဖွယ်ရှိနေသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတီခွန်မြတ်သည် ကာလုံအဖွဲ့ဝင်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက ၆ လ တစ်ကြိမ်ခေါ်ယူသော ကာလုံအစည်းအဝေးတွင် ပေါ်ထွက်လာလေ့ရှိသည်။

“သူတို့ ဘာပြောကြလဲဆိုတာတော့ မသိဘူးပေါ့။ ဖြစ်နိုင်တာက ကာလုံမှာ တင်ပြဖို့အကြောင်းအရာတွေနဲ့ပတ်သက်လို့ သတင်းစကားတွေ သယ်ဆောင်ဖို့ (ဦးတီခွန်မြတ်)သွားတွေ့တယ်လို့ ထင်တယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။

သို့သော် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ မည်သည့်အတည်ပြုချက်မှ ထုတ်ပြန်ကြေညာခြင်းမရှိပေ။

“သူတို့(စကစ) ဒေါ်အောင်ဆန်းစုကြည်ကို နဂိုဖမ်းထားတာကိုယ်တိုင်ကိုယ်က ဓားစားခံဖမ်းထားတဲ့သဘောလည်းဖြစ်တယ်။ သူတို့ဘက်က အခြေအနေမကောင်းလာတဲ့အချိန်မှာ ထုတ်သုံးဖို့အတွက်လည်း ရည်ရွယ်လာတာဖြစ်တယ်။ အခုလည်း ၆ လသက်တမ်းတိုးဖို့ ကြိုးစားမယ်လို့ သတင်းတွေ ထွက်နေတဲ့အချိန်မှာပဲ ဒီလိုမျိုး ထုတ်ပြီးတော့ သုံးလာတာမျိုးတွေ့ရတော့ လက်ရှိအခြေအနေက သူတို့အတွက် နောက်တဆင့်ဆုတ်လာတဲ့သဘောမျိုး၊ သူတို့အရေးနိမ့်လာလို့ ထွက်ပေါက်ရှာတဲ့သဘောမျိုးဖြစ်တယ်လို့ မြင်ပါတယ်” ဟု နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုသည်။

နိုင်ငံရေး၊ စစ်ရေး လေ့လာစောင့်ကြည်သူတစ်ဦးကလည်း စစ်ကောင်စီ၏ လက်ရှိလုပ်ဆောင်နေမှုများသည် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်၍ မရကြောင်း၊ ၎င်းတို့ အကျပ်အတည်းဆိုက်နေကြောင်းကို ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။ ထို့အပြင် စစ်အုပ်စုသည်မှန်မှန်ကန်ကန်ဖြေရှင်းရေးထက်၎င်းတို့အကျိုးစီးပွားအတွက် (ဒေါ်အောင်ဆန်းစုကြည်ကို) ကစားရန် စဥ်း စားနေဟန်ရှိကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။ အာဏာသိမ်းစစ်ကောင်စီ မည်သည့်ခြေလှမ်း လှမ်းနေသည်ကို စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံရေး၊ စစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးကလည်းသူ၏အမြင်ကို ပြောသည်။

“သြဂုတ် ၁ ရက်နေ့မှာ ကြီးကြီးမားမားပြောင်းမယ် မထင်ပါဘူး။ စစ်တပ်က သူ့တပ်အတွင်း ဖွဲ့စည်းမှု၊ လောလောဆယ် စစ်ဆင်ရေးလုပ်နေတဲ့ အနေအထားတွေရော ပြောင်းမယ်မထင်ပါဘူး။ သူ အာဏာတည်မြဲဖို့ အပြင်းအထန်လုပ်မှာပဲ” ဟု ၎င်းက ဆက်​ပြောသည်။

နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ ညှိနှိုင်းပြီး အဆင်ပြေမှု ရရှိနိုင်မည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအနေဖြင့်လည်း ပြီးခဲ့သည့် ၂ နှစ်ကျော်ကြာကာလအတွင်း များစွာပြောင်းလဲမှုများအပေါ် သေချာစွာ နားလည်ရန် မလွယ်ကူကြောင်း သုံးသပ်သည်။

“အခုအခြေအနေမှာ အရမ်းကြီး ထူးထူးခြားခြား၊ ကြီးကြီးမားမား အပြောင်းအလဲမျိုး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အခြေခံပြီး လုပ်လို့ မရနိုင်လောက်ဘူးလို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် တော်လှန်ရေးရဲ့ ဦးတည်ချက်ကိုတော့ အများကြီးပြောင်းလဲဖို့ မဖြစ်နိုင်လောက်ဘူးလို့ မြင်တယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိ ဦးနေဘုန်းလတ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပါက မည်သို့ပြောဆိုမည်ကို မည်သူမျှ မသိနိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ဆန္ဒကို ရှေ့ရှုသည့်အတွက် ပြည်သူလူထုလိုလားသည့် ဆန္ဒကို မသိရသေးသရွေ့ မည်သည့်အရာကိုမျှ ဆုံးဖြတ်လုပ်ကိုင်မည်မဟုတ်ဟု ယုံကြည်ကြောင်း မှတ်ချက်ပြုသည်။

“သူတို့(စစ်​ကောင်စီ) က ဖြစ်နိုင်ရင် ​ဒေါ်​အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ​ရေးက​နေ လုံးဝ ဖယ်ထုတ်ချင်တဲ့သူ​တွေ​လေ ။ပုဂ္ဂိုလ်​ရေး အာဃာတ​တွေ ​တော်​တော်ကြီးတဲ့သူ​တွေ အဲဒီအတွက်​ကြောင့်လည်း မတရားဖမ်းဆီးပြီး​တော့ ​ထောင်ဒဏ်​တွေ နှစ်ရှည် လများ အမှုဆင်ပြီး​တော့ချထားတာ ။သူတို့စဖမ်းတာ လွှတ်​ပေးဖိူ့ဖမ်းထားတာမှ မဟုတ်တာ ။အခု ​တော်လှန်​ရေးက အရှိန်အဟုန်နဲ့ ဖြစ်တည်လာပြီး​တော့ အဖက်ဖက်က​နေ သူတို့ကို ထိုးနှက်တယ် ။ သူတို့လည်း အဖက်ဖက်က​နေ ရှုံးနိမ့်လာတဲ့အခါမှာ ​နောက်ဆုံး သူတို့မလုပ်ချင်တဲ့ ဒီအလုပ်ကို လုပ်ရတဲ့သ​ဘောဖြစ်တာ​ပေါ့”ဟု ဦ​နေဘုန်းလတ်က​ပြောသည်။

NUG ၏ ရပ်တည်ချက်မှာ ဇူလိုင် ၁၄ ရက်​နေ့ကထုတ်ပြန်ချက်အတိုင်းပင်ဖြစ်​ကြောင်း ဦး​နေဘုန်းလတ်က​ပြောသည်။

” မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)ကျော်တိုင် အမြစ်တွယ်၊ ရှင်သန်၊ ဖိစီးနှိပ်စက်လျက်ရှိသော အာဏာရှင် စနစ်မှန်သမျှအား အပြီးတိုင်ဖယ်ရှားချုပ်ငြိမ်းစေပြီး အာဏာရှင်စနစ်၏ အငွေ့အသက်၊ အကြွင်းအကျန် အလျဉ်းကင်းစင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ်ဖြင့် အစားထိုး ပြောင်းလဲရန်ဖြစ်သည်။ထိုရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာရောက်ရှိနိုင်ရေးအတွက် ကိုယ်စားပြုမှု စုံလင်ကွဲပြားသော တော်လှန်ရေးအင်အားစုများ၊ အဖွဲ့အစည်းများအကြား တန်းတူ ရည်တူဖြစ်မှု အခြေခံ၍ စု‌ပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန်ယူမှု၊ ခိုင်မာသော ကတိက ဝတ်ပြုမှုများဖြင့် တညီတညွတ်တည်း လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူလူထု၏ လိုလားတောင့်တ ချက်နှင့်အညီ ချမှတ်ထားသည့် တော်လှန်ရေးပန်းတိုင်၊ အနာဂါတ်ဖက်ဒရယ်မျှော်ရည် ချက်နှင့် စံနှုန်းများကို ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်၍ အောင်ပွဲရသည်အထိ မမှိတ်မသုန်၊ မယိမ်းမယိုင် ဆက်လက် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြု အသိပေး အပ်ပါသည်”ဟု​ဖအမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင် ၁၄ ရက်တွင်ထုတ်ပြန်သည်။

ဘက်​ပေါင်းစုံအကြပ်ဆိုက်လာ​သောစစ်​ကောင်စီသည် ၎င်းတို့နိုင်ငံ​ရေူထွက်​ပေါက်ရရန် NLD နှင့် ​တော်လှန်​ရေးအင်အားစုများကို ​သွေးခွဲရန် ကြံစည်း​နေခြင်းသာဖြစ်​ကြောင်း ​တော်လှန်​ရေးသမားတစ်ဦးက​ပြောသည်။အထူးသဖြင့် ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ရခိုင်ပြည်နယ် စ​သော​ဒေသများမှ အပ နိုင်ငံတစ်ဝန်းတိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေပြီး ​နေရာအများစုတွင် စစ်​ကောင်စီတပ်အထိနာ​နေ​သည်။

လတ်တ​လောသတင်းများနှင့်ပတ်သပ်၍ NUG နိုင်ငံခြား​ရေးဝန်ကြီး ​​ဒေါ်ဇင်မာ​အောင် ကလည်း ” သတင်းတွေ ကို မျက်ခြေမပြတ်ဖို့ တော့ လိုတယ်။မှန်ခြင်းမှားခြင်းထက် နိုင်ငံရေး အလှုပ်အရွေ့တွေအကွက်ရွေ့ ကစား ဖို့ အားထုတ်မှု တွေ ကြားမှာ သတင်းအချက်အလက် မှန်မှန်ကန်ကန် ရရှိ သုံးသပ်နိုင်ဖို့ကလည်းအတော်အရေးကြီးပါတယ်။

ဒါ့ကြောင့်မျက်ခြေမပြတ်ဖို့ လိုပါတယ်။ ဒီထက်ပိုအရေး ကြီးတာက တော်လှန်ရေး မျက်ခြေမပြတ်ဖို့က ပိုအရေး ကြီးပါတယ်။ အရှိန်အဟုန် ရပ်တန့်မသွား ဖို့ အရေးကြီးပါတယ်။ ပွဲ ကမပြီးသေးပါဘူး ။ ရှေ့ဆက်ကြဖို့ပါပဲ”ဟု ၎င်း၏ ​ဖေစ်ဘွခ်မှတစ်ဆင့်​ရေးသားတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။