စစ်အုပ်စု အာဏာသိမ်းခဲ့သည့်နေ့မှ စ၍ အနိဌာရုံသတင်းများ၊မကောင်းသတင်းများ ပြည့်နှက်နေသော မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းထားသော ၁၁၁၄ ရက်မြောက်နေ့သတင်းဆိုးမှာ မန္တလေးမြို့၌ ဖြစ်ပွားခဲ့၏ ။ မန္တလေး နိုင်ငံကူးမှတ်ပုံတင်ထုတ်ပေးရေးရုံး(ပက်စ်ပို့ရုံး)၌ အမျိုးသမီး နှစ်ဦး လူပိသေဆုံးခဲ့ခြင်းပင် ဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက ပြည်ပထွက်လိုသူအများအပြားရှိလာ၍ ပက်စ်ပို့ရုံးများ၌ လူကြိတ်ကြိတ်တိုးခဲ့သည်။
ရန်ကုန်၌ အွန်လိုင်းဘွတ်ကင်စနစ်ဖြစ်၍ တော်သေးသည်။ မန္တလေးPassport ရုံးကတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ ဦးရာလူစနစ်ပြောင်းလဲလိုက်၍ တန်းစီသူနေစဥ် ရာဂဏန်းဖြင့်အဆမတန်များပြားလာခဲ့သည်။
ထိုအခြေအနေမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော(ပြည်သူ့စစ်မှုထမ်းဥပဒေ) စစ်မှုမထမ်းမနေရဥပဒေကြောင့် အခြေအနေများပိုဆိုးကုန်သည်။ စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းနိုင်သော လူငယ်များမှာ ပြည်ပသို့ပညာသင်ကြားရန် ၊အလုပ်သွားလုပ်ရန် ၊မိသားစု မိတ်ဆွေများထံသို့သွားရန် စသဖြင့် နိုင်ငံပြင်ပသို့ အမြန်ထွက်ခွာနိုင်ရန် ကြိုးစားကြရာမှ မန္တလေးပက်စ်ပို့ရုံးတွင်တန်းစီသူမှာ နေ့စဥ် လူထောင်ချီ လူအုပ်ကြီးဖြစ်စေခဲ့သည်။
ယခင်ကတည်းက ညသန်းခေါင်တိုင်လျှင်ပက်စ်ပို့ရုံးအနီး၌ လူများပြူတစ်ပြူတစ်ဖြစ်နေကြပြီ။ နီးစပ်ရာဘုန်းကြီးကျောင်း၌ တစ်ယောက်ငါးထောင်၊တစ်သောင်းပေးကာတည်းခိုရသည်။ ဘုန်းကြီးကျောင်း၌ တည်းခိုသူများမှာ နယ်ကလူများတင်မက မြို့ပေါ်နေသူများပါ ပါဝင်သည်။ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေ၍ ကြိုတင်ပြီး ရုံးအနီး ကြိုရောက်နေကြခြင်းဖြစ်သည်။
“ဘုန်းကြီးကျောင်းမှာ တည်းတဲ့သူတွေက လေးထပ်ဆောင်အပြည့်ပဲ။ တစ်ရက်တစ်ရက် လူငါးရာအထက်မှာ ရှိတယ်။”ဟု ဒေသခံတစ်ဦးကပြောသည်။
ည ၁၂ ထိုးပြီး သန်းခေါင်ကျော်တာနှင့်ထကာ ပက်စ်ပို့ရုံးနား ပြေးကြရသည်။ သံဆူးကြိုးများဖြင့်တားထားသည့် ရုံးအနီးတော့ကပ်ခွင့်မရ။ သွားလျှင်လည်း စစ်ကောင်စီလက်အောက်ခံရဲများက လိုက်လံရိုက်နှက်ခြင်း၊ ခဲများဖြင့်ထုခြင်းများ ပြုလုပ်လေ့ရှိကြောင်းပက်စ်ပို့ရုံးသွားရောက်လုပ်ကိုင်ခဲ့သူများက ပြောသည်။
“မိန်းကလေးမို့ဘာမို့မချန်ဘူး။ အကုန်ရိုက်တာ။ မြောင်းတွေထဲတို့ဘုရားကြားထဲတို့ဝင်ပုန်းရတယ်။”ဟု ဂျပန်သွားရန်အတွက် ပက်စ်ပို့လုပ်ရန်ဝင်တိုးခဲ့သူ လူငယ်တစ်ဦးက ပြောပြသည်။ ရုံးအနီးလမ်းမပေါ်မှာထိုင်စောင့်ကြရသည်။
“ည၁၂ကတည်းက တန်းရတာ။ လူအုပ်ထဲ လှုပ်မရအောင်ကြပ်ညပ်ပြီး မနက် ၅ နာရီအထိ ထိုင်နေရတာ။လူတိုးတဲ့အခါ ထိုးတာရိုက်တာတွေပါရှိတယ်။ စနစ်တကျမစီလို့ဆိုပြီး။ လူအများစုက နေရာလိုချင်တော့ သူ့ထက်ငါအရင်ရဖို့ လုတိုးကြတာ။ အဲဒါကိုထိုးတာရိုက်တာ။”ဟု နယ်ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီလုံထိန်းများက ထိုးကြိတ် ၊ရိုက်နှက် ၊ဟိန်းကြသော်လည်း လာရောက်တန်းစီသူများမှာ ရုံးရှေ့ပြန်ပြန်ရောက်လာသည်။ လူအုပ်ကြီးမှာထိန်း၍မရတော့။ ဖုန်တွေအလိမ်းလိမ်းဖြင့်ပြေးကြ၊လဲကြ၊ ဖိနပ်ပြတ်၊ လူပိ၊ ချွေးသံတရွှဲရွှဲဖြင့် မန္တလေးဆောင်းမှာ ထိုလူအုပ်ကိုမအေးမြစေတော့။
“တိုးတဲ့ထဲ ဗိုက်ကြီးသည်တွေ အဘိုးကြီးအဘွားကြီးတွေပါသေးတာ။ရိုက်တော့ နောက်ပြန်ဆုတ်ပြီး ရှေ့မရောက်ကြတော့တာ။ မိသားစုက ပြည်ပမှာဆိုတော့ မိဘတွေကိုခေါ်ချင်တော့ လာတန်းခိုင်းကြတာ။ လူတန်းစားအစုံပါပဲ။ နွားအုပ်လွှတ်လိုက်သလို ဖုန်တွေလုံးတက်ပြီး တကယ်ဆိုးဆိုးရွားရွားပဲ။”ဟု ကိုယ်တိုင်ကြုံခဲ့သူတစ်ဦးက ပြောသည်။
လာတိုးသူများလည်း မကြာခဏ မူးလဲကြ၊ လဲပြိုကာလူပိကြသည်။ ခြေလက်များ ကျိုးကြနာကြသည်။
လာရောက်တန်းစီသူများထဲတွင် ပြည်ပထွက်လို၍ ကိုယ်တိုင်လာလုပ်သူအများဆုံးဖြစ်ပြီး အချို့မှာ နေရာပြန်လည်ရောင်းစားရန်အတွက် လာရောက်တန်းစီကြခြင်းဖြစ်သည်။ နေရာမှာလည်း နှစ်သိန်းသုံးသိန်းဝန်းကျင်အထိ စျေးပေါက်နေသည်။
စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို နည်းဥပဒေပြဌာန်ပြီး ဧပြီလ သကြ်န်အပြီးစတင်သက်ဝင်မည်ဟုဆိုသော်အခါ ဧပြီ မတိုင်ခင် ပြည်ပသို့ ထွက်ခွာနိုင်ရန် ကြိုးစားနေကြသူပိုများလာသည်။
“၄လပိုင်း deadline သတ်မှတ်ထားကြပြီး လာလုပ်တဲ့သူများတယ်။ ဘယ်သူ့မေးမေးနီးစပ်ရာထိုင်းပဲသွားမဲ့သူများတယ်။ ပြီးမှ ပြောင်းကြမှာပေါ့။ အဲဒါကြောင့် ဒုက္ခခံတန်းနေကြတာ။ကိုရီးယား သွားမဲ့သူတွေကတော့ နယ်ကများတယ်။တချို့ဆို ၂ပတ်၃ပတ် တလရှိပြီ။ အခုထိနေရာမရကြဘူး။”ဟု နီးစပ်သူတစ်ဦးက ပြောသည်။
“ကြေညာချက်ထုတ်ပြီးမှ ညပိုင်း အော်သံမျိုးစုံနဲ့ နေရာတွေပြေးလုနေကြတာ။ လူပိုများလာတာ။ တချို့ဆိုနင်းမိလို့ ဆွဲထုတ်ကြရတယ်။ ညတိုင်းပါပဲ။ သွားတွေကျိုးတဲ့သူနဲ့၊ ခြေကျင်းဝတ်လည်တဲ့သူနဲ့။”ဟု ၎င်းကဆိုသည်။
သို့သော် တိုးတိုင်းရသလားဆိုတော့ လူတိုင်းမရပေ။ နံနက် ၆ နာရီတွင် ထောင်ချီလူအုပ်ထဲမှ လူ ၂၀၀ ကိုသာ ရုံးတွင်းဝင်ခွင့်ပြုသည်။ ထိုလူ ၂၀၀ ထဲ ပါဖို့ကလည်းမလွယ်ပေ။
“တချို့ဆို တစ်လနီးနီးရှိပြီ။ လူမတိုးနိုင်လို့ မရကြဘူး။”ဟု နယ်ခံက ပြောပြသည်။
လူ ၂၀၀ ထဲပါသွားသူများမှာလည်း ညပိုင်းအထိ ရုံးတွင်း၌ ဆက်လက်နေကာ ပက်စ်ပို့ရရန် စာရွက်စာတမ်းဖြည့်သွင်းရသော လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကြရသည်။
“ညကနေ မနက်အထိတန်း၊ မနက်နေရာရတော့ ညအထိရုံးထဲ ပြီးတဲ့အထိလုပ်ရတာ။ မအိပ်ရဘူး။ နေရာရလည်း ပင်ပန်းတယ်။”ဟု နယ်ခံက ပြောသည်။
“မန္တလေးမှာ ပက်စ်ပို့လုပ်ရတာက ကြောက်စရာကောင်းပါတယ် ။ကျွန်မဆို လဲသွားတာပြန်ထမရ ကိုယ်ကအောက်ဆုံးမှာပိနေတာပါ။ အဲကြားထဲ မျက်နှာကိုပါခြေထောက်နဲ့အနင်းခံရပါသေးတယ် ။အဲနေ့ကတော်တော် လန့်သွားတာ ။
မျက်နှာ ဒဏ်ရာတွေပါ ရခဲ့တယ် ။တော်တော်ကြောက်သွားပါတယ်”ဟု ကိုယ်တိုင် ပက်စ်ပို့ရုံးရှေ့တွင်တန်းစီပြီးအနင်းခံခဲ့ရသူတစ်ဦးကပြောသည်။
ကိုယ်တိုင် အဖြစ်ဆိုးကြုံခဲ့ဖူးသူတစ်ဦးကလည်း “တော်တော်လေးကြောက်ဖို့ကောင်းလို့ ပက်စ်ပို့လုပ်ရမှာကိုစိတ်ကုန်တဲ့အထိပါ။ကိုယ်သွားလုပ်တဲ့နေက လူတိုးခံရပြီး လဲကျပြီး တင်နင်းခံရတဲ့ ကောင်လေး ၃ ယောက်ကို လူအုပ်အောက်က ဆွဲထုတ်ရတယ် ။ကိုယ့်သူငယ်ချင်း မိန်းကလေးဆို အခုထိစကားမပြောနိုင်သေးဘူး လဲကျလို့သွားတွေကျိုးကုန်တာ။
အဲတာတွေမြင်ပြီး ဘယ်မှသွားဖို့ စိတ်ကူးမရှိတော့တာ ။ကိုယ်လည်းအဲလိုမတိုးနိုင်လို့ တစ်ကယ်စ်တ်ညစ်စရာပါ”ဟု ရင်ဖွင့်သည်။
ထိုအခြေအနေကို အခွင့်အရေးယူ၍ ငွေရှာကာ အလုပ်ဖြစ်နေသူများစွာရှိပါသည်။ ပက်စ်ပို့ရုံးပြင်ပတွင်သာ ဈေးကွက်ဖြစ်နေခြင်းမဟုတ်ပါ။ ရုံးတွင်း၌ ပက်စ်ပို့စာအုပ်ရရေး စစ်ကောင်စီဝန်ထမ်းနှင့်အပေါင်းအပါများကို ပေးကမ်းရသောပိုများပါသည်။ စာအုပ် မြန်ချင်လျှင်မြန်ချင်သလို နှုန်းထားတွေက ကြောက်စရာကောင်းလှသည်။
ပက်စ်ပို့ရုံးမှစစ်ကောင်စီ အရာရှိများလစဥ်သိန်းတစ်ရာဝန်းကျင် ဝင်ငွေရှိနေပြီး လက်အောက်ဝန်ထမ်းများမှာ ရာထူးပေါ်မူတည်၍ ဆယ်သိန်းမှ သိန်းငါးဆယ်အထိ ရရှိနေကြောင်း မန္တလေး ပက်စ်ပို့ရုံးနှင့် နီးစပ်သူများက ပြောသည်။
“ဂွင်မှ အကြီးကြီးပဲ။ အထဲက ဝန်ထမ်းတွေကြည့်လိုက်ရင် လုံးဝလုပ်ငန်းရှင်ကြီးတွေ ကျနေတာပဲ။ မသိရင် ကုမ္ပဏီပိုင်ရှင်လိုပဲ။ I Poneနဲ့ လည်ကတုံးနဲ့။”ဟု မန္တလေးပက်စ်ပို့ ရုံး နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မန္တလေး သာမက ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်ရှိ ပက်စ်ပို့ ရုံးများတွင် အနီရောင်စာအုပ်လုပ်ခများဈေးတဟုန်ထိုးတက်ကုန်သည်။ အရင် အပြီးအစီး ဝန်ဆောင်ခ ကျပ် ၇ ၊ ၈ သိန်း မှ ကျပ်သိန်း ဆယ်ချီဖြစ်ကုန်၍ စစ်ကောင်စီဝန်ထမ်းများနှင့် ပွဲစားများ ဝင်ငွေကောင်းနေကြ၏ ။
ယနေ့( ဖေဖော်ဝါရီလ ၁၉ ရက်) တနင်္လာနေ့တွင်တော့ ညသန်းခေါင်ကတည်းက တန်းစီသူများပြားခဲ့သည်။ ထို့နောက် နံနက် ၂ နာရီခွဲဝန်းကျင်တွင် လူအုပ်ကြီးအဆမတန်များပြားလာခဲ့ပြီး တိုးဝှေ့ရာမှ အသက်ရှုကြပ်ကာ အမျိုးသမီး ၂ ဦးသေဆုံးခဲ့သည်။ ထို့အပြင် အခြားအမျိုးသမီးတစ်ဦးလည်း လက်ကျိုးခဲ့ပါသည်။
သေဆုံးသူများမှာ ညောင်ကွဲရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် မခိုင်ဝေနှင့် အသက် ၅၃ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းတို့ဖြစ်သည်။
“နှစ်ဦးသေတယ်။ တစ်ဦးခြေထောက်ကျိုးတယ်။”ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောသည်။
“သေဆုံးသူတွေက Passport လာလုပ်သူတွေမဟုတ်ဘဲ အလုပ်အကိုင်ခက်ခဲလို့ နေရာလာရောင်းဖို့ တိုးတဲ့သူတွေလို့လည်းပြောကြတယ်။အတိအကျတော့မသိရသေးဘူး။”ဟု မြို့ခံတစ်ဦးက ပြောပါသည်။
သို့သော် လက်နက်အားကိုးဖြင့် အာဏာလုထားသောစစ်ကောင်စီကြောင့်သာ အရင်မကြားဖူး မကြုံဖူးသော အဖြစ်ဆိုးများပြည်သူများကြုံကြရ ၊ ညစဥ်လူအုပ်ကြီးဒုက္ခခံနေရခြင်းဖြစ်ကြောင်း ပက်စ်ပို့လာရောက် လုပ်ကိုင်သူများက ပြောသည်။
“ဘယ်သူ့အပြစ်ကြောင့်လဲမေးရင် အဓိကက နိုင်ငံရေးစနစ်ဆိုးကြောင့်ပါ။ အခုသေဆုံး ဒဏ်ရာရသူ ၃ဦးလုံးဟာ ညောင်ကွဲရပ်ကပါ။ သူများပြောသလို နေရာရောင်းပွဲစားပေါ့။ နေရာရောင်းသူတွေက နေ့စဉ်လာကြမှာပဲလေ။ သူ့ဘာသာပွဲစားနေနေ ဘာနေနေ လူဟာလူပါပဲ။ ဒါပေမဲ့ဒီလောက်စီးပွါးရေး ကြပ်တည်းနေချိန်မှာ သူဌေးတွေတောင် ငြီးတွားနေကြတဲ့ခေတ်ကြီးမှာ ဒီအလုပ်လုပ်တာလည်း အပြစ်တော့မရှိဘူး။”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
အာဏာသိမ်းကာလအတွင်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့်ပြည်သူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးဖြစ်၍ မန္တလေးပက်စ်ပို့ရုံး ရုံးရှေ့က ပြည်သူနှစ်ဦးသေဆုံးမှုကို စစ်တပ်က အရေးပင်စိုက်မည်မဟုတ်ဟု ဒေသခံတစ်ဦးကပြောလေသည်။