ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ပူးပေါင်းတပ်များက ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ပစ်ချခဲ့သည့် စစ်ကောင်စီ ရဟတ်ယာဉ်အပျက်ရှိရာသို့ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော သွားရောက်ကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်းကို ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က လူမှုကွန်ရက်တွင် ဖော်ပြ အသိပေးခဲ့သည်။
“ကဲလေယာဉ်စီးမယ်” ဟုဗိုလ်ဒါဘောကပြောကြားပြီး လေယာဉ်အပျက်ပေါ်သို့ တက်ရောက်နေသည်ကိုလည်း ရုပ်သံတွင်တွေ့ရသည်။
စစ်ကောင်စီတပ်၏ Eurocopter 365 (၁) စီးအား KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၆) နှင့် တော်လှန်ရေးပူးပေါင်းတပ်က ယခုနှစ်ဇန်နဝါရီ ၂၉ရက် မွန်းလွဲပိုင်း၌ပစ်ချခဲ့ခြင်းဖြစ်သည်။

Public Service Announcement
မြဝတီမြို့နယ် သင်္ကန်းညီနောင် အခြေစိုက် ခမရ (၃၅၆) တပ်ရင်းသို့ တာဝန်ချိန်းပြောင်းရန် လာသော ရဟတ်ယာဉ် နှစ်စီးအနက် Eurocopter 365 (၁) စီးအား ပစ်ချခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်ပါ ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူး (၃) ဦး နှင့် ဗိုလ်ကြီး (၁) ဦး စုစုပေါင်း (၅) ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာရခဲ့သည်ဟု KNUက ထုတ်ပြန်ခဲ့သည်။
ရဟတ်ယာဉ် ပစ်ချခံရသည့် နေ့ကတည်းက ရဟတ်ယာဉ် အပျက်အစီး ပုံများအား စစ်ကောင်စီတပ်များက သွားရောက်ရှင်းလင်းနေသည့် ဓာတ်ပုံမှတ်တမ်းကို KNU က ဖော်ပြခဲ့ပြီးဖြစ်သည်။
ယခု ကော်ဘရာ စစ်ဆင်ရေးမှူး သွားရောက်ကြည့်ရှုခဲ့သည့် ရုပ်သံမှတ်တမ်းအရ ပျက်ကျ ရဟတ်ယာဉ်ကို ရွှေပြောင်းထားခြင်းမရှိဘဲ ယခင် ပျက်ကျသည့် နေရာ၌သာ ရှိနေသည်ကို တွေ့ရသည်။
လက်ရှိတွင် ကော်ဘရာ စစ်ကြောင်းအပါအဝင် KNU ပူးပေါင်းတပ်ဖွဲ့များက ခမရ(၃၅၅)၊ ခမရ(၃၅၆)နှင့် ခမရ(၃၅၇) အပါအဝင် သင်္ဃန်းညီနောင်ဗျူဟာ တစ်ခုလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကာ မြ၀တီမြို့ကိုထပ်မံသိမ်းပိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်တော်လှန်ရေးအဖွဲ့များပစ်ချခဲ့သည့် စစ်ကောင်စီ ရဟတ်ယာဥ်နှင့် လေယာဥ် ၇ စီးရှိပြီဖြစ်သည်။


















































