ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ (စက်တင်ဘာ ၂၄ရက် )မနက်အစောပိုင်း၌ လေကြောင်းမှ လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ၁ ဦး သေဆုံးကာ ၁၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်းရှမ်းမြောက်ဒေသခံကပြောသည်။
“လက်ရှိ အချိန်ထိတော့ ပြည်သူတစ်ဦးသေဆုံးတယ်။ ၁၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိထားပါတယ်။ ဒါဟာဆိုလို့ရှိရင်လည်း စစ်ကောင်စီဘက်က နိုင်ငံတကာ စစ်ရာဇဝတ်မှုကို သိသိကြီးနဲ့ကျူးလွန်တယ်လို့ ကျနော်တို့ အဲဒီလိုယူဆပါတယ်” ဟုဒေသခံတဦးက ပြောသည်။
လားရှိုးပြန်လည်ထူထောင်ရေးဖေစ်ဘွခ် စာမျက်နှာကလည်း စစ်ကောင်စီသည် ယမန်နေ့ည သန်းခေါင်ကျော် (ယနေ့မနက်အစော ၁နာရီခွဲ)ဝန်းကျင်တွင် လားရှိုး ရပ်ကွက် ၂ရှိ ရထိုက်ဟော်တယ် နှင့် Golden Sunflower ဟိုတယ်တို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၉ဦးဒဏ်ရာရရှိခဲ့သည်ဟုဖော်ပြသည်။ ထို့နောက် နံနက် ၄နာရီ ဝန်းကျင်တွင် ပထမ ဗုံးကြဲခဲ့သည့် နေရာ အနီး ပေါင် ၅၀၀ ဗုံး နှစ်လုံးထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦး သေဆုံးခဲ့ပြီး ၆ဦး ဒဏ်ရာပြင်းထန်စွာ ရှရိခဲ့သည်ဟု အသိပေးသည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ဟိုတယ်နှင့်အနီးဝန်းကျင် တွင် အဆောက်အဦး ပျက်စီးမှုများ ရှိခဲ့ပြီး အဆောက်အဦး မီးလောင်ပျက်စီးမှုများရှိခဲ့သည်ဟု သိရသည်။
“လားရှိုးမြို့ရဲ့ ပြန်လည်ထူထောင်ရေးကာလတွေမှာအကြမ်းဖက်စစ်ကောင်စီဖက်မှ လူသားချင်းစာနာမှုကင်းမဲ့စွာ လားရှိုးမြို့ရှိစစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူပိုင် နေရာများကိုအကြိမ်ပေါင်းများစွာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ ယင်းကဲ့သို့ တိုက်ခိုက်မှုများကြောင့် ပြည်သူများထိခိုက်သေဆုံးကြရသည့်အပြင် နေအိမ် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီးစိုးရိမ်ထိတ်လန့်ကာ လေကြောင်းရန်ကိုအချိန်ပြည့် ပူပန်နေကြရတယ်လို့ သိရှိရပါတယ်” ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဖေစ်ဘွခ်တွင် ရေးသားထားသည်။
စစ်ကောင်စီတပ်သည် ဩဂုတ် ၃ရက်တွင်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် လားရှိုးမြို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ဩဂုတ် ၃၀ရက်မှစ၍ မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်မှု စတင်ခဲ့သည်။ စက်တင်ဘာ ၈ရက်၊၉ရက်၊၁၀ရက်နှင့် ၂၁ရက်နေ့များတွင်လည်း စစ်ကောင်စီက လားရှိုးမြို့နှင့် မြို့နယ်အတွင်း နေရာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
MNDAA အနေဖြင့် စက်တင်ဘာ ၄ရက်နေ့စွဲဖြင့် အဖွဲ့၏ ရပ်တည်ချက်ထုတ်ပြန်ခဲ့ရာစစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးကို ထိုးစစ်ဆင်ခြင်းများ လုံး၀ ပြုလုပ်မည်မဟုတ်သော်လည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကို
ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာ့အရေး ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် တောင်းဆိုခဲ့ပြီး MNDAA အနေဖြင့် ချက်ချင်း အပစ်အခတ်ရပ်စဲကာ တရုတ်နိုင်ငံ နှင့်တက်ကြွစွာ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာမည်ဟု ထုတ်ပြန်ခဲ့သည်။
သို့သော် စက်တင်ဘာ ၂၁ရက်တွင် စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကို မြှင့်တင်ရန် ဆောင်ရွက်နေသူများ၏ ကြိုးပမ်းမှုအားလုံးကိုအလဟဿဖြစ်စေမည်မှာ သေချာကြောင်း MNDAAက ထုတ်ပြန်သည်။
စစ်ကောင်စီ၏စက်တင်ဘာ ၂၄ရက်မနက်လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှုလုပ်ရပ်သည် MNDAA၏ ထုတ်ပြန်ချက်ကိုအကြောင်းပြန်သည့် သဘောဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
“MNDAA ရဲ့ စာကို ဖတ်ကြည့်မယ်ဆိုရင် သူတို့မှာခုခံကာကွယ်ခွင့်ကို စွဲကိုင်ထားတယ်လို့ ပြောထားတယ်။ စကစကလည်း လားရှိုးအပါအဝင် ဆုံးရှုံးပြီးသားနယ်မြေတွေကိုပြန်တိုက်မယ်လို့ ပထမဦးဆုံးသတိပေးတဲ့အနေနဲ့ပေါ့နော်။
သူ့အနေနဲ့ မြေပြင်ထိုးစစ်တွေက ၂၀၂၄ ကုန်သည်အထိ မိုင်းရယ်၊ တန့်ယန်းမှာ အခြေပြုထားတဲ့ တပ်တွေက လားရှိုးကို မြေပြင်စစ်ကြောင်းထိုးဖို့ကတော့ မဖြစ်နိုင်သေးဘူး” ဟုCDM ဗိုလ်ကြီးဇင်ယော်က သူ၏အမြင်ပြောသည်။
စစ်သဘောတွင် ခံစစ် အသေလုပ်နေပါကရေရှည်ခံစစ်ဆင်သည့် ဘက်ကစစ်ရှုံးတက်၍ လှုပ်ရှားခံစစ်၊ထိုးစစ် အသွင်ရှိသည့် ခံစစ်ဖြစ်မှ ရမည်ဖြစ်ဟု ၎င်းက သုံးသပ်သည်။
“လားရှိုး မကျဖို့ဆိုရင် ကျနော်တို့က သူတို့ အခုစုဖွဲ့ထားတဲ့ မိုင်းရယ်နဲ့ တန့်ယန်းဘက်ကို တိုက်ကို တိုက်မှရတော့မယ်။အဲဒီအနေအထားမြင်ပါတယ်။
စစ်မျက်နှာကမိုင်းရယ် တန့်ယန်းဘက်ကိုဖွင့်မလား ဒါမှ မဟုတ်ရင်TNLA တို့ တိုက်နေတဲ့ သီပေါကို ဝင်ပြီးအားဖြည့်မလား၊ ဒါမှမဟုတ်တောင်ခမ်းကနေတဆင့် စကစဘက်ကို ထပ်ပြီး ထိုးဖောက်မလား ဒါကို စောင့်ကြည့်ရမယ်ဗျ” ဟုစစ်ရေးသတင်းများ ၊သုံးသပ်ချက်များ ပုံမှန်ရေးသားနေသော CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။