ဟန်နွေ/People’s Spring
ကိုးကန့်တပ်မတော်(MNDAA)သိမ်းပိုက်အုပ်ချုပ်နေသည့် အထူးဒေသ(၁) နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် စစ်နယ်မြေမဟုတ်သော မြို့ရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ သုံးလအတွင်း ဒေသခံပြည်သူ ၃၀ ဦးကျော် သေဆုံးကာ ၉၀ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။
ဇူလိုင်မှ စက်တင်ဘာအထိ စစ်ကောင်စီက တိုက်ပွဲမဖြစ်သည့်နယ်မြေများတွင် လေကြောင်း ဗုံးကြဲမှု ၂၅ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။
MNDAA သည် ၂၀၂၄ ဇူလိုင် ၃ရက်တွင် လားရှိုးမြို့ကို ထိုးစစ်ဆင်ခဲ့ရာ တစ်လအကြာ ဩဂုတ် ၃ရက်တွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) အပါအဝင် လားရှိုးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ သိမ်းပိုက်ပြီးချိန်မှ လက်ရှိအချိန်ထိ မြို့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၃၀ရက် တစ်လအတွင်း လားရှိုးမြို့တစ်မြို့တည်းကို လေကြောင်း တိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။
စစ်မြေပြင်တွင် ရှုံးနိမ့်သည့်အခါတိုင်း လက်တုံ့ပြန်သည့်အနေဖြင့် မခွဲခြားသော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများနှင့် ပစ်ခတ်မှုများသည် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်၏ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာပြီး နိုင်ငံတစ်ဝှမ်း အဖြစ်ဆိုးများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း MNDAAက ဆိုသည်။
ဇူလိုင်လက လားရှိုးစစ်ပွဲအတွင်း မကြာခဏရှုံးနိမ့်မှုများကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့် ဧရိယာများမှာ လောက်ကိုင်မြို့၊ သိန္နီခရိုင်နှင့် အခြားနယ်မြေများ ပါဝင်သည်ဟု ဖော်ပြသည်။
မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အထူးဒေသ(၁)တွင် စစ်နယ်မြေမဟုတ်သောဒေသများသို့ ဗုံးကြဲတိုက်ခိုက်ရေးလေယာဉ်များကို ဆက်တိုက်စေလွှတ်ခဲ့ကြောင်း၊ စစ်ပြေငြိမ်းပြီးနောက် လားရှိုးမြို့ကိုလည်း မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က ဗုံးကြဲခဲ့ပြီး စက်တင်ဘာလနှောင်းပိုင်းတွင် ဆက်တိုက်ဗုံးကြဲခဲ့ကြောင်း ထုတ်ပြန်သည်။
သုံးလအတွင်း လားရှိုးမြို့အပါအဝင် အထူးဒေသ(၁)နယ်မြေများ၌ လေကြောင်း တိုက်ခိုက်မှု အနည်းဆုံး ၂၅ကြိမ်ပြုလုပ်ခဲ့ရာ ဗုံးအလုံး ၁၀၀ကျော် ကြဲချခဲ့သည်ဟု ဆိုသည်။
လေကြောင်း တိုက်ခိုက်မှု ၂၅ကြိမ်အနက် ၁၆ကြိမ်တွင် အရပ်သားသေဆုံးမှုဖြစ်ပွားခဲ့ပြီး ယခုအချိန်အထိ ဒေသခံပြည်သူ ၃၁ ဦးသေဆုံးကာ ၉၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မရေမတွက်နိုင်သော အများပိုင်အဆောက်အအုံများဖြစ်သည့် နေအိမ်များ၊ ဟိုတယ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့ပြီး ပြည်သူများ၏ ပိုင်ဆိုင်မှုများ ထိခိုက်ပျက်စီးမှုသည် တိုင်းတာ၍ မရနိုင်ဟု ဖော်ပြသည်။
ဒေသခံ အရပ်သားအချို့၏ ပြောကြားချက်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးမှုသည် MNDAA ထုတ်ပြန်သည့် အရေအတွက်ထက် ပိုမိုသည်ဟု ဆိုသည်။ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် လားရှိုးမြို့ခံအချို့ စက်တင်ဘာလကုန်ပိုင်းတွင် မြို့မှ ပြန်လည်တိမ်းရှောင်မှုများ ရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီ အနေဖြင့် လားရှိုးမြို့အား လေကြောင်း တိုက်ခိုက်ရာတွင် အရပ်သား ပြည်သူလူထုနေထိုင်ရာနေရာများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“စစ်ရေးနဲ့ လုံး၀ သက်ဆိုင်ခြင်းမရှိဘဲ လူနေထူထပ်တဲ့နေရာတွေကို ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးတွေကြဲချပြီး လေကြောင်းတိုက်ခိုက်တာကတော့ တော်တော့်ကို လူမဆန်လွန်းတဲ့လုပ်ရပ်လို့ပြောချင်ပါတယ်”ဟု လားရှိုးဒေသခံ မနော်ဖောက အောက်တိုဘာ ၁ရက်တွင် ပြောသည်။
စက်တင်ဘာ ၃၀ရက်ည လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၉ဦးထိခိုက်ခဲ့မှုအပေါ် ဒေသခံက ထိုသို့မှတ်ချက်ပြုခြင်းဖြစ်သည်။
ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း ကိစ္စများကို ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံးက နှုတ်ဆိတ်မနေကြရန် တိုက်တွန်းသည်။
“အခုလို မြန်မာနိုင်ငံမှာရှိတဲ့ အရပ်သား ပြည်သူလူထုတွေ စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူလူထုတွေ ရာပေါင်းများစွာ ထိခိုက်သေဆုံးနေတာကို သိလျက်သားနဲ့မြင်နေလျက်သားနဲ့ မြန်မာပြည်မှာ အခြေစိုက်ထားတဲ့ သက်ဆိုင်ရာ UN အဖွဲ့အစည်းတွေ နှုတ်ဆိတ်နေတာလည်း ဒါ တာဝန်ကင်းမဲ့နေတယ်လို့ တာဝန်ပျက်ကွက်နေတယ်လို့ကျနော်ကရှုမြင်တယ်”ဟုလည်း ဦးဇော်ဆန်က ပြောသည်။