Connect with us

Hi, what are you looking for?

သတင်း

မောင်တောကို စစ်ကောင်စီ ဗုံးကြဲ၊ အမျိုးသမီးသုံးဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး ၁၄ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ယနေ့(အောက်တိုဘာလ၂၁ရက်) နံနက်အစောပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲသဖြင့်​ အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံပြည်သူ ငါးဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိ​ကြောင်း ကနဦးသတင်းရရှိသည်။

မောင်​တောမြို့နယ် ၊ဖားဝပ်ချောင်းကျေးရွာရှိ​နေအိမ်တလုံးဗုံးကြဲခံရ ၍ ပျက်စီး​နေစဥ်။ ဓါတ်ပုံ-APM

လူအေး/People’s Spring

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ယနေ့(အောက်တိုဘာလ၂၁ရက်) နံနက်အစောပိုင်းတွင် စစ်ကောင်စီကလေကြောင်းမှဗုံးကြဲသဖြင့်​ အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံပြည်သူ ငါးဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိ​ကြောင်း ကနဦးသတင်းရရှိသည်။

မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို နံနက် ၁ နာရီ ၅၀ မိနစ်ခန့်တွင်စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲပြင်းထန်နေတာဟုတ်တယ်။ အခုအပစ်ခံရတဲ့ ဖားဝပ်ချောင်းကျေးရွာမှာတော့ မဟုတ်ဘူး။ တိုက်ပွဲဖြစ်နေတာက တနေရာပါ။ ဒေသခံတွေပဲထိတာပါ” ဟု အထက်ပါစစ်ရေးသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅၈ နှစ်အရွယ် ဒေါ်လှလှအေး၊ ၂၆ နှစ်အရွယ် မသီတာနှင့်မအေးအေးအောင်၊ အသက် ၂၉ နှစ်အရွယ် ကိုနေဇော်ဦးနှင့်အသက် ၂၀ နှစ်အရွယ် ကိုမောင်မောင်သိန်းနှင့် တို့သေဆုံးခဲ့ကြောင်း Arakan Princess Mediaက​ဖော်ပြ သည်။

“ဒဏ်ရာရ ၁၄ဦးထဲမှာ စိုးရိမ်ရတဲ့သူတွေရှိနေသေးတယ်လို့သိရတယ်။ တိုက်ပွဲကတော့ပြင်းထန်နေဆဲပါပဲ။ ဒီရက် ပိုပြီး ပြင်းထန်သလို စစ်ကောင်စီကလည်း လေကြောင်းကနေ တောက်လျှောက် ပစ်နေပါတယ်” ဟု People’s Spring ၏ သတင်းရင်းမြစ်ကပြောသည်။

မောင်တောမြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး တိုက်ပွဲပြင်းထန်နေချိန်အတွင်း ဒေသခံများသည် အခက်အခဲများကြုံတွေ့နေသည်။

မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ် ၄ ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး စခန်းအများအပြားသိမ်းယူထားနိုင်သော်လည်း စစ်‌ကောင်စီက နောက်ဆုံးကျန်ရှိနေသည့် နယ်ခြားစောင့်ရဲ ဌာနချုပ် နခခ (၅) မှ ခုခံနေသည်။ ထိုနေရာကို စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် လက်နက်၊ လူ၊ ရိက္ခာများ ပို့၍ ခုခံနေခြင်းဖြစ်သည်။

မောင်တောမြို့တွင် မြို့ပြင်၌ စစ်ကောင်စီ၏ နခခ (၅) စခန်း တစ်ခုသာကျန်ရှိတော့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AA ကစက်တင်ဘာလ ၂၇ရက်၌ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ လကုန်ပိုင်းမှစ၍ တိုက်ပွဲများပိုမိုပြင်းထန်ခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းမြစ်အချို့ကပြောသည်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီသင်တန်းပေးထားသော ARSA၊ RSO၊ ARA အစရှိသောလက်နက်ကိုင်များ နှင့် စစ်​ကောင်စီ စစ်သင်းတန်းဆင်းစစ်သားသစ်အချို့ကစစ်ကောင်စီဘက်မှတိုက်ခိုက်ပေးနေကြောင်း AAက အသိပေးထားသည်။

မြို့တွင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်ဒေသခံများအပါအဝင် လူဦးရေ နှစ်သောင်းနီးပါးအား တိုက်ပွဲများကြားမှ ကယ်ထုတ်ထားကြောင်း AAက ပြီးခဲ့သည့် ဩဂုတ်လတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် လက်ရှိအောက်တိုဘာလအတွင်း မောင်တောမြို့နယ်အပြင် ရခိုင်ပြည်နယ်မှ တောင်ကုတ်မြို့နယ်၊ ပုဏ္ဍားကျွန်းနှင့် ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့နယ်တို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တောင်ကုတ်မြို့နယ်ကို အောက်တိုဘာ ၄ရက်နှင့် ၇ရက်တွင် လေကြောင်းမှ သုံးကြိမ်ဗုံးကြဲခဲ့ရာ အရပ်သား ၁၉ ဦးသေဆုံးခဲ့သည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

AAသည် ​မောင်​တောရှိ နခခ (၅)ကိုအပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်နေသလို၊ အမ်းမြို့နယ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အနီးရှိ စစ်ကောင်စီစခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ထို့အပြင် ဧရာဝတီတိုင်းနှင့်နယ်စပ်ဖြစ်သော ဂွမြို့နယ်၌လည်း စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

AAက ရခိုင်ပြည်နယ်တွင် မြို့နယ်​ပေါင်း ၁၀ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ်မောင်တောမြို့နယ်ကို ဒေသထွက် ဂဏန်း၊ ပုဇွန်သွားရောင်းပြီးပြန်လာတဲ့ လူငယ် ၅ ဦးဟာ ပျောက်ဆုံးနေတာ နှစ်လကျော်ကြာပြီလို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

မောင်တောအခြေစိုက် Border News Agency(BNA) သတင်းဌာနရဲ့ အမျိုးသမီးသတင်း ထောက်မုဒြာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ထောက်လှမ်းရေးအဖွဲ့က စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Border News Agency အယ်ဒီတာအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ သိန်းခွန်း‌ကျေးရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်အချို့သိမ်းရသည်ဟု KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

သတင်း

တနင်္သာရီတိုင်းအတွင်း ယခု ဇွန်လ ပထမပတ်မှစ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဇွန် ၁ရက်​နေ့တွင် ပြုလုပ်သည့် တနင်္သာရီကမ်ပိန်း စကားဝိုင်းဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးသည့် ကရင်သတင်းရင်းမြစ်တဦးဖြစ်စော စောဆဲနေစေးက ပြောကြားသည်။