ထားအိ/People’s Spring
စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် မဆင်မခြင်တိုက်ခိုက်နေမှုများအား တားဆီးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို Fortify Rights က ယနေ့(အောက်တိုဘာ ၂၄ရက်)တောင်းဆိုလိုက်သည်။
အာဏာသိမ်းစစ်ကောင်စီထံ လေယာဥ်လောင်စာဆီနှင့် စစ်လက်နက်ထောက်ပံ့မှုအပေါ် ကုလလုံခြုံရေးကောင်စီက အလျင်အမြန်ပိတ်ဆို့အရေးယူသင့်ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ်နေသည့် Fortify Rights က တိုက်တွန်းခြင်းဖြစ်သည်။

Public Service Announcement
“မြန်မာစစ်ကောင်စီဟာ ပြစ်ဒဏ်ခံရခြင်းလုံးဝမရှိဘဲ သူတို့ရဲ့ ဂျက်လေယာဥ်တွေနဲ့ အရပ်သားပြည်သူတွေအပေါ် ဆက်လက်တိုက်ခိုက်ဖိနှိပ်နေတာကို တစ်ကမ္ဘာလုံးက နှုတ်ဆိတ်ကြည့်နေဆဲပါပဲ” ဟု Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ ချစ်ဆိုင်းက ပြောသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(OHCHR)၏ မကြာသေးမီက ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ ၂၀၂၃ ဧပြီမှ ၂၀၂၄ ဇွန်လကုန်အထိ စစ်ကောင်စီက ကလေး ၃၃၄ဦးအပါအဝင် အရပ်သား ၂,၄၁၄ဦးထက်မနည်းကို ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထိုကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၆၁၃ဦး သေဆုံးခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့်လည်း အရပ်သား ၆၃၇ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ၅လအတွင်း သတင်းအချက်အလက်များအရ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုမှာ ၇၉၃ ရာခိုင်နှုန်း တိုးလာပြီး အမြောက်ဖြင့်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှု ၂၃၈ ရာခိုင်နှုန်း တိုးလာကြောင်း OHCHR က ဖော်ပြသည်။
မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုကျူးလွန်သည့် အကြိမ်ရေနှင့် ပြင်းထန်မှုသည် ဆက်လက်တိုးမြင့်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ထုတ်ပြန်ထားသည်။


















































