သက်ဝေ/People’s Spring
တအာင်းဒေသ တရားဥပဒေစိုးမိုးရေး(အမှုစစ်ဆေးအရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ရက်တွင် ကျင်းပခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။
အခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်န်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့ရာ PSLF/TNLA ၏ ရဲချုပ်ဗိုလ်မှူးကြီး တားကုန်ခရီး၊ ဒုရဲချုပ် ဗိုလ်မှူး တားကုန်းနောနှင့် တာဝန်ရှိသူများ တက်ရောက်အမှာစကား ပြောကြားခဲ့ဟု ဖော်ပြသည်။

Public Service Announcement
တအာင်းဒေသ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ချမှတ်ထားသည့် ဥပဒေများကို ကိုယ်တိုင် လိုက်နာမှုရှိနိုင်ရေး ကြိုးစားရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို တာဝန်ယူ စောင့်ရှောက်သွားရန် ရဲချုပ်တားကုန်ခရီးက မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ယခု ပြုလုပ်မည့်အမှုစစ်ဆေး အရာရှိပုလိပ် သင်တန်းသည် ၂လကျော်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၃၀ဦး တက်ရောက်မည်ဖြစ်ကြောင်း အသိပေးသည်။
သင်တန်းတွင် အမှုစစ်ဆေးခြင်းဆိုင်ရာ ပညာများ၊ ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်သွားမည့်အချက်များ၊ ရာဇသတ်ကြီး၊ တရားမျှသမှုဆိုင်ရာများ၊ သက်သေခံဥပဒေများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများနှင့် အခြားလုပ်ငန်းဆိုင်ရာဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်နီးပါးအတွင်း မြို့ ၁၂မြို့ကို သိမ်းပိုက်ကာ ဒေသတွင်း အုပ်ချုပ်ရေး လုပ်ငန်းများအကောင်အထည် ဖော်လျက်ရှိရာ တရားဥပဒေစိုးမိုးရေးလုပ်ငန်းအတွက် ရဲလုပ်ငန်းနှင့်သက်ဆိုင်သည့် သင်တန်းများ၊ တရားရေးနှင့်သက်ဆိုင်သည့် သင်တန်းများ ဆက်တိုက်ဖွင့်လှစ်လျက်ရှိသည်။
အောက်တိုဘာ ၈ရက်ကလည်း တရားဥပဒေ စိုးမိုးရေး အတွက် အခြေခံ ပုလိပ်သင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ကျင်းပပြီးစီးခဲ့ရာ သင်တန်းသား သင်တန်းသူ ၁၃၅ ဦး သင်တန်းဆင်းခဲ့သည်။
TNLA အနေဖြင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ပြီး ချမှတ်ထားသည့် ဥပဒေများကို ပြည်သူများ လိုက်နာမှု ရှိမရှိ စောင့်ကြည့်ရန်၊ ကိုယ်တိုင် လိုက်နာမှုရှိအောင် ကြိုးစားရန်၊ ပြည်သူများ၏ လုံခြုံရေးကို တာဝန်ယူ စောင့်ရှောက်ရန် အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က အဆိုပါ သင်တန်းဆင်းပွဲ၌ မှာကြားခဲ့သည်။




















































