Connect with us

Hi, what are you looking for?

သတင်း

ချောက်မြို့နယ် သုံးရက်ဆက်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာ ၃၀ခန့်တိမ်းရှောင်နေရ

စစ်ကောင်စီတပ်က နရွဲတောရွာအား မီးရှို့နေစဥ် (ဓာတ်ပုံ - CJ)

ဟာနာဆန်၊သတိုး/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ကျေးရွာများ မီးရှို့ဖျက်ဆီးပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုရှိကြောင်း Chauk Guerilla Force တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၅ရက်နံနက်က ချောက်မြို့ နှင့် (၁၀)မိုင်ကျော်ကွာဝေးသော တတိုင်းတောင်ရွာမှ ပြည်သူများ၏ တဲများကို မီးရှို့ဖျက်စီးခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ သူတို့က ပြည်သူရဲ့တဲတွေကို မီးရှို့ပြီးပြည်သူတွေပိုင်တဲ့ ဆန်တွေတို့၊ ဆိုင်ကယ်တို့အဲဒါတွေ မီးပုံဖျက်စီးရှို့ပြီးတော့ တောထဲမှာ ကင်းပုန်းဝပ်နေတာ။ တောထဲမှာ လှည့်လည်သွားတဲ့ ပြည်သူတွေကို PDF အထင်နဲ့စပစ်တာဗျ။ အဲဒီအချိန်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ အဲဒီနေရာမှာ တစ်ကျော့ပြန်တွေ့ပြီး ထိပ်တိုက်ပစ်ခတ်မှုလေး ဆယ်မိနစ်ဝန်းကျင်လောက်ဖြစ်ခဲ့တာဗျ။” ဟု ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် အကြောင်းကို ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် တတိုင်းမြောက်ကျေးရွာမှ နေအိမ် နှစ်လုံးပျက်စီးခဲ့သည်ဟု ၎င်းက ဆိုသည်။

” ၂၆ ရက်ကျတော့ နရွှဲတောဘက်မှာ စတင် ဝင်ရောက်ပြီး နရွဲတောကို မီးရှို့တယ်။ မီးရှို့တော့ ဆယ်အိမ်လောက်မီးလောင် ပျက်စီးဆုံးရှုံးသွားတယ်။အဲဒီမှာကာကွယ်ရေးအဖွဲ့တွေနဲ့ အနည်းအကျဉ်းပစ်ခတ်မှုဖြစ်ပြီး အဲဒီနေ့မှာလည်း ခေတ္တခဏရပ်သွားပြီး မနေ့က(အောက်တိုဘာ၂၇) ကျတော့ နေ့ခင်းမှာ တစ်ကျော့ပြန်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာ။” ဟု Chauk Guerilla Force တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။ပြောသည်။

Chauk Guerilla Force မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – Chauk Guerilla Force

အောက်တိုဘာ ၂၇ ရက် နေ့လယ် ၂ နာရီခန့်တွင် ရွာမကျေးရွာ၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ တစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း ​ကာကွယ်ရေးအဖွဲ့များက ပြောသည်။ ထိုက်ပွဲအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ရွာမကျေးရွာရှိ နေအိမ် ၁၅လုံးခန့် နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးခဲ့သည်ဟု အထက်ပါ ရဲဘော်က ပြောသည်။

သုံးရက်တာတိုက်ပွဲအတွင်း ပူးပေါင်းမဟာမိတ် အဖွဲ့မှ ချောက်မြို့နယ်အခြေစိုက် အာဠာဝကပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ အပါအဝင် သုံးဦးကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကလည်း သုံးဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရသူများပြားကြောင်း Chauk Guerilla Force တပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီက စစ်ကြောင်းစတင်ထိုးလာချိန်တွင် အင်အား နှစ်ရာမှ သုံးရာခန့်အထိ ပါဝင်ခဲ့ပြီး နောက်ပိုင်းအင်အားဖြည့်တင်းမှုများထည့်တွက်ပါက အင်အား ငါးရာကျော်အထိရှိနိုင်သည်ဟု အထက်ပါရဲဘော်က ဆိုသည်။

ချောက်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်နှင့် ထိတွေ့‌ တိုက်ပွဲအနေဖြင့် ပြီးခဲ့သည့် နှစ်အတွင်းက တစ်ကြိမ်ဖြစ်ခဲ့ပြီး ယခုအကြိမ်တွင် စစ်ကောင်စီဘက်မှ မြေပြင်နှင့် ဝေဟင်မှတစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၀ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။

အဆိုပါ စစ်ကြောင်းတွင် ချောက်မြို့နယ်အခြေစိုက် ခလရ(၁၃)ခြေလျင်တပ်ရင်းအပြင် ဝါဇီတပ်၊ ပုပ္ပါးတပ်တို့မှ စစ်သားများလည်း ပါဝင်နိုင်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်က ဂွေးချိုနဲ့ ဂွေးပင်ကြား လမ်းပိုင်းကို ညဘက်ဖြတ်သန်းသွားလာတာမပြုဖို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ချောက်ပကဖ)က နိုဝင်ဘာ ၁၉ရက်မှာ အရေးပေါ် ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ မိသားစုတစုတည်းက သားနှစ်ယောက်စစ်သားစုဆောင်းထားခံရယုံသာမက ဖခင်ဖြစ်သူကိုပါ ထပ်မံစစ်သားစုဆောင်းလို့ မိသားစုအခက်အခဲကြုံနေရတယ်လို့ အမျိုးသမီးတဦးက လူမှုကွန်ရက်မှာ ရင်ဖွင့် ပြောကြားထားတဲ့ ရုပ်သံထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေဆားလယ်ရွာရှိ ပျူစောထီးစခန်းကို PDFများ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ သေနတ် ၂လက်အပါအဝင် ခဲယမ်းများနှင့် ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။