ပြည်သူကိုပစ်မှတ်ထားဗုံးကြဲမှု စစ်ကောင်စီ ဆက်တိုက်ပြုလုပ်နေ၍ လေကြောင်းရန်သတိပြုရန် TNLA ထပ်မံနှိုးဆော်
ဟန်နွေ/People’s Spring
တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ် ထားသည့် ရှမ်းမြောက်ရှိ မိုင်းငေါ့မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁၇ရက်)တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
ယနေ့ နံနက် ၁၁နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဖျက်အားပြင်းဗုံးအသုံးပြု၍ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၅ဦး ဒဏ်ရာရရှိပြီး နေအိမ် ၁၅လုံး ပျက်စီးခဲ့ရသည်ဟု အသိပေးထားသည်။
လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်၍လည်း နောင်ချိုမြို့နယ်တွင် အရပ်သား ထိခိုက်မှုရှိခဲ့သည်ဟု TNLAက အသိပေးသည်။
ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းတွင် ရှိနေသည့် စစ်ကောင်စီတပ်က (၁၂၂ မမ) လက်နက်ကြီးပစ်ခတ်၍ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဒေသခံ (၂)ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည် ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်သည်။
ထို့ပြင် လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံကပြန်လာပြီးရက်ပိုင်းအတွင်း ၎င်းစစ်ရှုံးထားသည့် ဒေသများရှိ ပြည်သူလူထုနေထိုင်ရာများသို့ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ပြုလုပ်ခဲ့ရာ နိုဝင်ဘာ ၁၁ရက်မှ ၁၅ရက်အတွင်း မိုးမောက်၊ မိုးကုတ်၊ နောင်ချို မြို့နယ်များ၌ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၀ကျော်သေဆုံးခဲ့ရသည်။
နိုဝင်ဘာ ၁၁ရက်တွင် မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၉ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့သည်။ နိုဝင်ဘာ ၁၂ရက် နောင်ချိုမြို့လေကြောင်းတိုက်ခိုက်ခံရမှုတွင် လည်း ပြည်သူ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် နိုဝင်ဘာ ၁၅ရက် မိုးမောက်မြို့နယ် ကုန်းလောရွာ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူ ၉ဦးရှိခဲ့ရာ ၇ဦးမှာ ကလေးငယ်များ ဖြစ်သည်။
စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံက ရှုံးနိမ့်နေသည့် စစ်ကောင်စီကို တရုတ်အစိုးရက အသက်ဆက်ပေးနေသည့် သဘောကြောင့် စစ်ကောင်စီက တရုတ်အားကိုးဖြင့် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟု စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က သုံးသပ်သည်။
“စစ်ကောင်စီကတော့ တရုတ်အားကိုးနဲ့ နေ့စဉ် မြန်မာပြည်ဒေသအသီးသီးကို စစ်ရာဇဝတ်မှုကျူးလွန်နေတာပါ ၊ နိုင်ငံတကာစစ်ရာဇဝတ်မှုနဲ့ အခြေခံလူ့အခွင့်အရေးတွေကို စကစဥက္ကဌ မင်းအောင်လှိုင်က သိသိကြီးနဲ့ပြောင်ပြောင်တင်းတင်း ရက်ရင်စက်စက် ချိုးဖောက်နေပါတယ်။ ဒီထက် ပိုမိုဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို စကစဘက်ကလုပ်ဆောင်လာနိုင်တဲ့အတွက် ပြည်သူများ လေကြောင်းရန်ကာကွယ်ရေး ဆောင်ရန်ရှောင်ရန်များကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။
စစ်ကောင်စီအနေဖြင့် KIA ၊ MNDAA၊ AAနှင့် TNLA တပ်ဖွဲ့များ ထိန်းချုပ်ရာ နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပိုလုပ်ဆောင်လာနိုင်၍ ပြည်သူများ အထူးသတိထားရန် ဦးဇော်ဆန်က ထပ်မံ တိုက်တွန်းသည်။
” စကစတော့ နေ့စဉ် စစ်ရာဇဝတ်မှုကျူးလွန်နေတာပါ ၊ အဓိကတော့ စစ်ကောင်စီကို တရုတ်အစိုးရက အကာအကွယ်ပေးနေတဲ့သဘောပါ”ဟု ဦးဇော်ဆန်က ပြောသည်။