ကဖေး/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မဇွပ်ယာန်ကျေးရွာနှင့် ဆန်ခါကျေးရွာကို ယနေ့ (ဇန်နဝါရီ ၁၃ ရက်)နံနက် ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
” မဇွပ်ယာန်ပြီးတော့ ဆန်ခါရွာကို ကြဲတာ။ အရပ်သားတွေ ထိတယ်။ ကယ်ဆယ်ရေးလုပ်ဖို့ ပြေးလွှားလုပ်ကိုင်နေကြရတယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ဖားကန့်မြို့၌ စစ်ကောင်စီက လေကြောင်းပျံသန်းမှုဆက်ရှိနေ၍ ဒေသခံများ ကြောက်လန့်နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
“လူသေတာ သေချာတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီလဆန်းပိုင်းကစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်လာသည်။
စစ်ကောင်စီသည် ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းကလည်း ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ စံလွင်(Tsan Lun)ရွှေမှော်ရှိ စျေးဆိုင်တန်းနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၂ကြိမ် ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။
ဇန်နဝါရီ ၁ရက်မှ ယနေ့အထိ ရှမ်းပြည်နယ် သိန္နီမြို့၊ မန္တလေးတိုင်း မိုးကုတ်၊ စဉ့်ကူးမြို့နှင့် မြင်းခြံမြို့၊ ရခိုင်ပြည်နယ် ရမ်းဗြဲ၊ ကျောက်တော်၊ ဂွမြို့၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်နယ်စပ်နှင့် ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
