ဒီးဒီ/People’s Spring
ကရင်ပြည်နယ်၊ မြဝတီမြို့ ကုန်သွယ်ရေးဇုန်ရှိ တော်လှန်ရေးရဲဘော်များ တပ်စွဲနေရာယူဖူးသည့် ရွှေမြစန္ဒီမြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့ရှိ ကရင်သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ည ၁၂နာရီကျော်အချိန်တွင် အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စစ်ကောင်စီက ပေါင်၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“အဲနေရာက အရင်က တော်လှန်ရေးတပ်တွေ နေခဲ့တဲ့ ရပ်ကွက်ရုံးပေါ့။ အဲဒီကို ဗုံးကြဲတာ။ လူထိခိုက်မှုတော့ မရှိဘူး သိရတယ်။ ကဲကောင်းလို့ပြည်သူတွေ မထိတာ။ ပြည်သူတွေ အဲနေရာတွေမှာ ပြန်နေနေကြပြီ”ဟု မြဝတီမြို့ခံ ကရင်သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ထို့အပြင် ယမန်နေ့ညကလည်း မြဝတီမြို့စောင့်တပ်ဖြစ်သော ခြေလျင်တပ်ရင်းအမှတ်(၂၇၅)ကလည်း တော်လှန်ရေးတပ်များရှိရာအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။
” ဗိုလ်ဒါဘောပြောထားတာက သူတို့ထိရင် ချမယ်ပြောတယ်။ အဲတော့ မြဝတီမြို့ကို ဝင်တော့မယ်ထင်တယ်”ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
လက်တလောတွင်လည်း အာရှလမ်းပိုင်း၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကော်ဘရာစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေသည်။
“တိုက်ပွဲက နေ့တိုင်းဖြစ်တယ်။ အလင်းဝင်လာတာတွေလည်း နေ့တိုင်းပဲ။ လက်နက်နဲ့ရော လက်နက်မပါတာတွေရော နေ့တိုင်းလိုလိုပဲ”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။
ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်အတွက်အရေးပါသည့် မြဝတီမြို့နှင့် သင်္ဃန်းညီနောင်မြို့ စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်းသည့် PDF ပူးပေါင်းများက ၂၀၁၄ မတ်လတွင် စတင်ခဲ့သည်။
နယ်စပ်ကုန်သွယ်ရေးမြို့တော်ဖြစ်သော မြဝတီမြို့အတွက်စစ်ရေးအရအရေးပါသည့် သင်္ဃန်းညီနောင်မြို့ရှိ ဗျူဟာစခန်းအပါအဝင် ခြေလျင်တပ်ရင်းများအား ၂၀၂၄ မတ်လ ၇ရက်ကထိုးစစ်စတင်ရာ တစ်လအကြာ ဧပြီ ၅ရက်တွင် သင်္ဃန်းညီနောင်မြို့ဗျူဟာတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်ရာ ၂၀၂၄ ဧပြီ ၁၀ရက်တွင် သိမ်းပိုက်ခဲ့သည်။ အဆိုပါ ခလရ(၂၇၅)မှ ထွက်ပြေးကြသည့် တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် ဦးဆောင်သော စစ်ကောင်စီတပ်သားများမှာ ထိုင်း – မြန်မာချစ်ကြည်ရေးအမှတ်(၂)တံတားအောက်၌ သွားရောက်ခိုလှုံခဲ့ကြသည်။
မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်က ၃၆နာရီကြာတိုက်ခိုက်ပြီးနောက် ၂၀၂၄ ဧပြီ ၂၁ရက် နံနက်တွင် ပစ်ခတ်မှုရပ်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ထို့နောက်ပိုင်းတွင် စစ်ကောင်စီက မြဝတီမြို့ကို အင်အားထပ်ဖြည့်ပြီးနောက် မြို့အားထိန်းချုပ်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။
လက်ရှိတွင် မြဝတီမြို့စောင့်တပ်၌ တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးကြီးမင်းမင်းလတ်က ဦးစီးနေသည်။
လက်ရှိတွင် မြဝတီမြို့ရှိ ရဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက မြို့ခံများအပေါ် ခြိမ်းခြောက်ဖမ်းဆီးငွေတောင်းခံနေမှု ဆိုးရွားစွာပြုလုပ်နေသည်ဟု အဆိုပါမြို့ခံများက ပြောသည်။
