People’s Spring
တရုတ်နိုင်ငံ ကူမင်းမြို့၌ စစ်ကောင်စီနှင့် တအာင်းတပ်မတော်(TNLA) တို့ တွေ့ဆုံဆွေးနွေးရန်စီစဉ်နေချိန်တွင် စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်းနှင့် လက်နက်ကြီး အသုံးပြုပြီး ဗုံးအလုံးရေ ၁၇၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ စစ်ကောင်စီ၏ ကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်ဟု TNLAက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် လက်ရှိစစ်ရေးပြဿနာများပြေလည်နိုင်ရန် မနက်ဖြန် (ဖေဖော်ဝါရီ ၁၆ရက်)တွင် တွေ့ဆုံမှုများစတင်မည်ဟု TNLA က အသိပေးထားသည်။

Public Service Announcement
ထို့သို့ အသိပေးထုတ်ပြန်သည့်နေ့တွင်ပင် စစ်ကောင်စီက TNLAထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို လက်နက်ကြီးနှင့် Y-12 လေယာဥ် အသုံးပြုပြီး ဗုံး ၁၇၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLAက ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ခမ်းမှ လက်နက်ကြီးနှင့် Y-12 လေယာဥ်ကို အသုံးပြုပြီး ဗုံး (၁၇၅)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။
ထို့အပြင်နောင်ချိုမြို့နယ်အတွင်းရှိ နာဆွေကျေးရွာ၊ အုမ္မသီးကျေးရွာ၊ ညောင်နီကျေးရွာနှင့် တောင်ရွှေကျေးရွာတို့ကို ဖေဖော်ဝါရီ ၁၅ရက်တွင် တောင်ခမ်းစခန်းမှ ခမရ (၄၀၆)၊ တပ်ရင်း (၃၅၄)နှင့် တပ်ရင်း (၉၀၂)တို့မှ လက်နက်ကြီး အလုံးရေ (၁၃၇)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ဟည်ဟု ထပ်မံအသိပေးထားသည်။
ထိုနောက် မွန်းလွဲ ၂နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် နာဆွေကျေးရွာအတွင်း ဗုံး (၃၈)လုံး လာရောက်ကြဲချခဲ့ဟည်ဟု ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံး (၂၀)ခန့် ကြဲချတိုက်ခိုက်မှုကြောင့်ဒေသခံ (၅)ဦး သေဆုံးခဲ့ပြီး (၁၉)ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည့် PSLFကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်ပြီး၊ မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မည်ဖြစ်ပြီး၊ စစ်ကောင်စီကိုယ်စားလှယ်ဖက်မှ MNDAAကိုးကန့်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့သူ ကစထ(၁) မှူးဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးမှ ဦးဆောင်မည်ဟု ဆိုသည်။
