Connect with us

Hi, what are you looking for?

သတင်း

CDM ဆရာဝန် မိသားစုနှင့်ပြည်သူများ သေဆုံးခဲ့ရသည့် နှမ်းခါးရွာလေကြောင်းတိုက်ခိုက်မှု NUG ကျန်းမာရေးဝန်ကြီးဌာန ရှုတ်ချ

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်

နှမ်းခါးရွာအား မတ်လ ၂၂ရက်က လေကြောင်းတိုက်ခိုက်ခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Yaw Media

မတ်-၂၄၊၂၀၂၅။ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာဆေးခန်းပစ်မှတ်ထား လေကြောင်း တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၂၃ရက်တွင် ထုတ်ပြန်သည်။

မတ်လ ၂၂ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှမ်းခါးရွာ ဆေးခန်း လေကြောင်းတိုက်ခိုက်ခဲ့၍ CDM ဆရာဝန် ဒေါက်တာမြစိုးအောင်၊ ဇနီး ဒေါ်ခိုင်နှင်းဝေ၊ သားဖြစ်သူ ၅နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၁ဦး သေဆုံးခဲ့ရပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။ ဆရာဝန်၏ ဇနီးသည် လေးလသားအရွယ် ကိုယ်ဝန်လွယ်ထားရသူဖြစ်သည်ဟု ဖော်ပြသည်။

ဒေါက်တာမြစိုးအောင်သည် ဆေးခန်းလာလူနာများအား ဆေးကုသမှု ဆောင်ရွက်နေစဉ် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။ ထိုသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ ဆရာဝန်မိသားစု ၊ လူနာ၊ လူနာစောင့်နှင့် ပြည်သူ ၈ဦး စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ရာ သေဆုံးသူများတွင် ကလေးငယ် (၅) ဦးပါဝင်ခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသော ကျန်းမာရေးဝန်ထမ်းများအား CDM အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုကြောင်းနှင့် သေဆုံးခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ဖော်ပြသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်ခံရ၍ ဆေးခန်းလည်း မီးလောင်ပျက်စီးခဲ့ပြီး အနီးအနားရှိ နေအိမ်များလည်း ပြိုကျပျက်စီးခဲ့ဟု ထုတ်ပြန်သည်။

ယခု လေကြောင်းတိုက်ခိုက်ခံရသည့် ဒေါက်တာ မြစိုးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေတို့မှာ ၂၀၂၁ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားတိုက်နယ်ဆေးရုံတွင် တိုက်နယ်ဆရာဝန်နှင့် အထက်တန်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDMပြုလုပ်ကာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများအတွင်း လိုက်လံဆေးကုသမှုပေးနေသူ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးသည်။

တော်လှန်ရေးရဲဘော်တစ်ဦးကလည်း ဆရာဝန်မိသားစု ကွယ်လွန်ခဲ့ရမှုနှင့်ပတ်သက်၍လူမှုကွန်ရက်၌ ရေးသားထားရာ “သူတို့ မိသားစုစားဖို့ ကြော်လာတဲ့ ကြက်ကြော်ထုပ်ကြီးကို လမ်းမှာ ကျနော်တို့နဲ့ တွေ့တာနဲ့ ရဲဘော်တွေ အတွက် ယူသွားတော့ဆိုတဲ့ဆရာ၊ ကျနော်တို့ရဲဘော် ရဲဘက်တွေရဲ့ အသက်ကို အများကြီး ကယ်တင်ပေးခဲ့တဲ့ ဆရာတို့ မိသားစု၊ မင်းတို့ ဘာမှ အားမငယ်ရဘူးကွဆိုပြီး အမြဲ ခွန်အားပေးတဲ့ ဆရာတို့ မိသားစု အာဏာရှင်ရဲ့ ရက်စက်မှုကို ခံခဲ့ရပြီ။ ငြိမ်းချမ်းစွာ အနားယူပါတော့ဆရာ”ဟု ရေးသားထားသည်။ ထို့ပြင် တော်လှန်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟုလည်း အဆိုပါ ရဲဘော်က အသိပေးသည်။

သေဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း တိုက်ပွဲများ၌ အထိနာနေသည့် အခြေအနေတွင် မကွေး၊ စစ်ကိုင်း အပါအဝင် နိုင်ငံတဝန်း ပြည်သူလူထု နေထိုင်ရာ နေရာများ၊ စာသင်ကျောင်း၊ ကျန်းမာရေးနှင့် ဘာသာရေး ဆိုင်ရာ အဆောက် အဦးများကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း ပြည်သူ ၁၄၀ကျော် သေဆုံးကာ ၃၆၀ကျော် ဒဏ်ရာရခဲ့သည်။ ထို့ပြင် ကျန်းမာရေးအဆောက်အဦး ၁၅လုံး အပါအဝင် နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာများအပါအဝင် အဆောက်အဦး စုစုပေါင်း ၂၇၀ကျော် ပျက်စီးခဲ့ရသည်။

မတ်လအတွင်း၌လည်း စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ကချင်၊ ရှမ်းမြောက်ဒေသ အပါအဝင်နိုင်ငံတဝန်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများပိုမိုပြုလုပ်လာ၍ အစုလိုက် အပြုံလိုက် သေဆုံးထိခိုက်ခဲ့ရမှု ဖြစ်စဉ်များစွာ ရှိနေပြီး ကလေးငယ်၊ အမျိုးသမီး၊ သံဃာတော်နှင့် ကိုရင်များစွာ သေဆုံးထိခိုက်ကာ ပြည်သူသေဆုံးထိခိုက်မှုများမြှင့်တက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ လေးနှစ်အရွယ်ကလေး အပါအဝင် စစ်ဘေးရှောင် မိသားစုဝင်သုံးဦး သေဆုံးခဲ့သည်။

သတင်း

ဖားကန့်တွင် ယနေ့(ဇွန်လ ၂၆ရက်) အစောပိုင်း၌ တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ ညတွင်လည်း စစ်​ကောင်စီက မြစ်ကြီးနား နှင့် မိုးကုတ်မြို့တို့ကို ​လေ​ကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

သတင်း

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ‌ယနေ့ ဇွန်လ ၂၄ရရက် ညနေပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားသည်။

သတင်း

လေမျက်နှာ နှင့်​ ​ရေကြည်မြို့နယ်တွင်တိုက်ပွဲများဖြစ်ပွား​နေ