မတ်-၂၆၊၂၀၂၅။နိုင်ပကောင်း/People’s Spring
မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်အမျိုးသားအစည်းအရုံး(KNU) ဌာနချုပ်နား နေရာယူတပ်စွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ယမန်နေ့ (မတ်လ ၂၅) ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တယ်လို့ ထိုင်းသတင်းဌာနတွေ ၊ ထိုင်းနယ်စပ်သတင်းရင်းမြစ်နဲ့ ကရင်သတင်းရင်းမြစ်တို့ထံကသိရပါတယ်။
ခလယ့်ဒေးတပ်စခန်းကို မတ်လ ၂၂ ရက်က KNU တပ်မဟာ (၇) ၊ တပ်ရင်း (၂၂) က ဦးဆောင်ပြီး စတင်တိုက်ခိုက်ရာမှာ ၄ ရက်အကြာ မတ် ၂၅ ရက်နေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၄ နာရီဝန်းကျင်မှာ စခန်းသိမ်းနိုင်တာလို့သိရပါတယ်။
ဒီစခန်းဟာ မြန်မာ-ထိုင်းနယ်စပ်မှာတည်ရှိပြီးတော့ နယ်စပ်စည်း နဲ့ ၃ ကီလိုမီတာသာကွာဝေးတာမို့ တိုက်ပွဲဖြစ်ပွားနေစဥ်မှာထိုင်းဘက်က လုံခြုံရေးမြှင့်တင်ထားသလို စခန်းသိမ်းတိုက်ပွဲကိုအနီးကပ်စောင့်ကြည့်ခဲ့ပါတယ် ။

Public Service Announcement
စခန်းမကျဖို့အတွက် စစ်ကောင်စီလေတပ်က YAK 130 ၊ MIG 29 စတဲ့တိုက်လေယာဉ်တွေကို သုံးပြီး ဗုံးကြဲတာ ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းပစ်ကူပေးခဲ့ပေမယ့် စခန်းကို KNU ကသိမ်းယူနိုင်ခဲ့တာပါ။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာမထိရောက်ဖူးလို့ထိုင်းသတင်းဌာနကဖော်ပြပါတယ်။
ခလယ့်ဒေးတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ ထိုင်းနယ်စပ်သတင်းရင်းမြစ်ကအသိပေးပါတယ်။
“စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်၊ လေကြောင်းပစ်ခတ်မှုက ထိရောက်မှုမရှိခဲ့ဘူး”လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာနယ်စပ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်း ကို ဝင်ပြေးသွားတာ ရှိ ၊မရှိကို တိတိကျကျမသိရသေးပါဘူး။
ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ခလယ့်ဒေးစခန်း ရပြီ ၄ နာရီအချိန်မှာနော် ၊ထွက်ပြေးတာလည်း ရှိတယ်၊ တပ်ရင်း ၂၂ ကလူတွေ တက်သိမ်းတာ” လို့ ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပေမယ့် လက်နက်ခဲယမ်းအရေအတွက် နဲ့အမျိုးအစား အသေးစိပ်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။
KNU ရဲ့ စစ်ရေးနယ်မြေခွဲခြားသတ်မှတ်ပုံအရခလယ့်ဒေး စခန်းဟာတပ်မဟာ(၇ ) နယ်မြေထဲမှာ တည်ရှိတဲ့စခန်းလည်းဖြစ်ပါတယ်။
ခလယ်ဒေးစခန်းတိုက်ပွဲ ကြောင့် အနီးတဝိုက်မှာရှိတဲ့ ခလယ့်ဒေး၊ နို့လော်ဖလိုးကျေးရွာတွေက ဒေသခံ ၁၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ စစ် ရှောင်နေရတယ်လို့ သိရပါတယ်။
KNU ဗဟိုဌာနချုပ်အနီးဝန်းကျင်မှာစစ်ကောင်စီတပ်ရဲ့ ခလယ့်ဒေးစခန်းအပြင် မယ်သဝေါစခန်း၊ ရှမ်းရွာသစ်ဗျူဟာတို့လည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၄ ရက်ကလည်း KNU တပ်မဟာ (၇) နယ်မြေ ထဲကစစ်ကောင်စီတပ်ရဲ့ ပွိုင့် ၁၂၄၈( ပူလူတူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ကနှစ်ပတ်ကြာ အပြင်းအထန်တိုက်ပြီး သိမ်းယူထားပါတယ်။
ပူလူတူတပ်စခန်းသိမ်းတိုက်ပွဲမှာ ဒေသခံ ပြည်သူ ၅၀၀ ခန့် ထိုင်းဘက်ခြမ်း စစ်ရှောင်ခဲ့ရသလို စခန်းသိမ်းခံရချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းနယ်ခြားမြစ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်နိုင်ငံထဲ ဝင်ပြေးခဲ့ကြပါတယ်။
KNLA နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဒီဇင်ဘာလ ၁၆ ရက်က မြန်မာ-ထိုင်းနယ်စပ်ရှိ မာနယ်ပလောကစစ်တပ်စခန်းကိုသိမ်းပိုက်ခဲ့ပါတယ် ။ KNU နဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလောစခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်လက်ကနေ နှစ် ၃၀ အကြာမှာပြန်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။ မာနယ်ပလောသိမ်းပြီးနောက်ပိုင်း KNU/KNLA ဟာ မြန်မာ-ထိုင်းနယ်စစ်က စစ်တပ်လက်ကျန်စခန်းတွေကို ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်နေတာဖြစ်ပါတယ် ။





















































