Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်တိုက်ပွဲ စကခ(၂၁) ကာကင်း ၅ခုထက်မနည်း KIA ပူးပေါင်းတပ် ထပ်သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) ကာကင်းစခန်းများကို ယနေ့ (ဧပြီ ၂၆ရက်) နံနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲအတွင်း ပျက်စီးနေသော အဆောက်အဦများအား တွေ့ရစဉ်။ ဓာတ်ပုံ − Banmaw Scout Team

ဧပြီ ၂၆၊၂၀၂၅။သက်ဝေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) ကာကင်းစခန်းများကို ယနေ့ (ဧပြီ ၂၆ရက်) နံနက်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်များက ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA ပူးပေါင်းတပ်များသည် ဗန်းမော်မြို့ရှိ လက်ကျန် စစ်ကောင်စီတပ်စခန်းများကို ယမန်နေ့ (ဧပြီ ၂၅ရက်) နံနက်တွင် တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ ဗန်းမော်မြို့တွင်းရှိ စစ်ကောင်စီ တပ်စွဲရာနေရာအချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့မနက်တွင် ကာကင်းစခန်းများ ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“၅နေရာ အထက်ကို ရတယ်။ မြို့ထဲ ပြည်သူ့နေအိမ်နဲ့ ဘုရားတွေမှာ တပ်စွဲထားတဲ့ နေရာအချို့လည်း ထပ်ရတယ်လို့ပောတယ်။ လေကြောင်း ပစ်ကူ ကြမ်းချက် နားတွေတောင် အူနေကြပြီ။ ၂ မိုင်ဘက် အရပ်သား နေအိမ်တွေ ထိခိုက်တာများတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

သိမ်းပိုက်ရရှိထားသည့်ကာကင်းစခန်းများအနက် စခန်းအချို့သည် ယခင်ရှိပြီး ကာကင်းများ ဖြစ်ပြီး အချို့သည် စကခ(၂၁)မှ ထပ်မံနေရာယူတပ်စွဲထားသည့် ကာကင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် ဗန်းမော်မြို့မကျရေး လေကြောင်းအပြင်းအထန် ခုခံလျက်ရှိရာဧပြီ ၂၅ရက်တိုက်ပွဲ၌ပင် လေကြောင်း ပစ်ကူ ၁၃ကြိမ်ထက်မနည်းရှိခဲ့ဟု အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြထားသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

၂၀၂၄ ဒီဇင်ဘာ ၄ ရက်ကစတင်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၄လကျော်ကြာမြင့်နေပြီ ဖြစ်သည်။

ကချင်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ခရိုင်ရုံးစိုက်ရာ ဗန်းမော်မြို့တွင် ၂၀၁၉ ခုနှစ်စာရင်းများအရ မြို့ပေါ် ၁၆ ရပ်ကွက်ရှိကာ တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသည်။ လက်ရှိတွင် တစ်မြို့ လုံးနီးပါး ပျက်စီးနေပြီဖြစ်သည်။

ဗန်းမော်မြို့၏ အရှေ့ဘက် ၉ မိုင်ခန့် အကွာတွင် မိုးမောက်မြို့၊တောင်ဘက် ၁၃ မိုင်ခန့်အကွာတွင် မံစီမြို့ နှင့် တရုတ်နယ်စပ်နှင့် မိုင် ၄၀ခန့်ကွာဝေးသည်။

KIAနှင့် စစ်ကောင်စီတပ်တို့သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း၌လည်း ယခု ရက်ပိုင်းအတွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီက အပစ်ရပ်စဲရေး ကြေညာထားသော်လည်း ဖားကန့်မြို့နယ်အတွင်းပြန်လည်စိုးမိုးနိုင်ရေး ထိုးစစ်ဆင်လာ၍ KIAက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်အထိနာလျက်ရှိဟု သတင်းရင်းမြစ်အချို့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က အသေခံ ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်တပ် အထိနာခဲ့ပြီး လက်ကျန်တပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်မှုရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ​ရွှေဘိုခရိုင်တပ်ရင်း ၂၄ ကဒီကနေ့ (မေလ ၂၄)မှာ ထပ်မံ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ၅လမ်းဆုံတပ်စခန်းကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ဆုတ်ခွာပေးရကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းပိုက်နိုင်ရေး ကချင်လွှတ်လပ်ရေးတပ်မတော်(KIA) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၄ရက်မှာ ထပ်မံထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ထပ်မံ သိမ်းရသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ဦးလက်နက်ချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က စတင်ပြီးတန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ဒီကနေ့ ဒီဇင်ဘာ ၂၇ရက် မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး​နော်ဘူ နဲ့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောပါတယ်။