Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်တွင် ကလေးလူငယ်များအပါအဝင် အရပ်သား ၁၁ဦးကို စစ်ကောင်စီတပ်သတ်ဖြတ်ပြီး ၂၀ ကျော် ဖမ်းဆီးသွား

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မေ ၁၂၊၂၀၂၅။ကဖေး၊မေ/People’s Spring

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဂန့်ဂေါမြို့ပေါ်ရှိ အမှတ်(၅၀)ခြေလျင်တပ်ရင်း (ခလရ-၅၀)မှ စစ်ကောင်စီတပ်စစ်ကြောင်းသည် မြို့အရှေ့တောင်ဘက်ရှိ လယ်မကျေးရွာကို စီးနင်းဝင်ရောက်လာပြီးနောက် အရပ်သားများအားသတ်ဖြတ်ဖမ်းဆီးသွားခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

” လယ်မရွာ သတင်းမဟုတ်ပါစေနဲ့ ဆုတောင်းတာ မပြည့်ခဲ့ဘူးဗျာ။ ၁၁ယောက်အသတ်ခံထားရတယ်။ ဖမ်းသွားတဲ့သူတွေလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လယ်မကျေးရွာသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် လူငယ် ၁၁ဦးကို သတ်ဖြတ်ပြီး အမျိုးသမီးအချို့နှင့်သက်ကြီးရွယ်အိုတချို့အပါအဝင် ၂၃ဦး ဖမ်းဆီးသွားကြောင်းယောလူထုတိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားသည်။ သို့သော် ၁၃ဦးအား ယနေ့(မေ ၁၂ရက်)တွင် ပြန်လွတ်ပေးခဲ့ကြောင်း ယောအလင်းတန်းက ဖော်ပြထားသည်။ ဆက်လက်ဖမ်းဆီးခံရသူများတွင် အမျိုးသား ၇ ဦး အမျိုးသမီး ၃ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

“မနက်အစောကြီးဆိုတော့ ဘယ်သူမှ မသိလိုက်ရဘူး။တိုက်ပွဲလည်း မရှိဘူး။ဒီအတိုင်းဝင်စီးသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်စစ်ကြောင်းသည် ၇တန်း ကျောင်းသားတစ်ဦး၊ ကိုးတန်း ကျောင်းသားသုံးဦးအပါအဝင် အသက် ၁၂နှစ်မှ ၃၉နှစ်ကြား အမျိုးသား ၁၁ဦးကို သတ်ဖြတ်သွားသည်ဟု ပြောသည်။ သေဆုံးသူများတွင် ဒေသကာကွယ်ရေးရဲဘော်အချို့ပါဝင်သွားကြောင်း ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စီးနင်းခံရမှုမှာ အသက်(၁၂)နှစ်အရွယ် မောင်လျှံထွန်း၊မောင်မှိုင်းဝေ (၁၃)နှစ်၊မောင်ကျော်မြတ်သူ (၁၉)နှစ်၊မောင်မျိုးသီဟ (၁၅)နှစ်၊မောင်သီဟလင်း (၁၅)နှစ်၊ဂျွန်ကိုဝင်း (၁၉)နှစ်၊သက်ပိုင်ဦး (၂၃) နှစ်၊ကျော်စန်းခိုင်(၂၄)နှစ် မောင်ညီလေး(၂၇)နှစ်၊ မောင်နေလင်းဦး (၂၅)နှစ်၊ အောင်ကြည်မင်း (၃၉)နှစ်တို့ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

“အသတ်ခံရတဲ့အထဲကျောင်းတက်နေတဲ့ ၇ တန်းနဲ့၅တန်းကလေးတွေလည်း ပါတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် ခလရ(၅၀)တပ်ရင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်ကို မြို့ခံများက စိုးရိမ်နေကြသည်။

လယ်မရွာအခြေအနေနှင့်ပတ်သက်၍ ဂန့်ဂေါ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၂၆ရက်က ဂန့်ဂေါမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် ခလရ(၅၀)တပ်ရင်း၏ စစ်ကြောင်းက ပြည်သူ လေးဦး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

၂၀၂၄ ဖေဖော်ဝါရီ ၁၄ရက်ကလည်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် အနီးပတ်ဝန်းကျင်ရွာများ စစ်ကြောင်းထိုးစဉ် လူ ၁၀ ဦးသတ်ဖြတ်ခံရပြီး နေအိမ်တချို့ မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့်ညပိုင်းတွင် ကရင်နီပြည် နှင့် မကွေးတိုင်း ၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲရာ ပြည်သူ ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့သည်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မ (၁၀၁)မှ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းသည် မြိုင်မြို့သို့ ဦးတည်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ယမန်နေ့(မေလ ၁၄ရက်) ည ၁၁နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့မှာ စစ်‌‌ကောင်စီတပ်အားထားရတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ)ဒူးရှည်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံ BLACK TIGER(MBT)တပ်ဖွဲ့က ပြောပါတယ်။