Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်တွင် ကလေးလူငယ်များအပါအဝင် အရပ်သား ၁၁ဦးကို စစ်ကောင်စီတပ်သတ်ဖြတ်ပြီး ၂၀ ကျော် ဖမ်းဆီးသွား

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မေ ၁၂၊၂၀၂၅။ကဖေး၊မေ/People’s Spring

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဂန့်ဂေါမြို့ပေါ်ရှိ အမှတ်(၅၀)ခြေလျင်တပ်ရင်း (ခလရ-၅၀)မှ စစ်ကောင်စီတပ်စစ်ကြောင်းသည် မြို့အရှေ့တောင်ဘက်ရှိ လယ်မကျေးရွာကို စီးနင်းဝင်ရောက်လာပြီးနောက် အရပ်သားများအားသတ်ဖြတ်ဖမ်းဆီးသွားခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

” လယ်မရွာ သတင်းမဟုတ်ပါစေနဲ့ ဆုတောင်းတာ မပြည့်ခဲ့ဘူးဗျာ။ ၁၁ယောက်အသတ်ခံထားရတယ်။ ဖမ်းသွားတဲ့သူတွေလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လယ်မကျေးရွာသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် လူငယ် ၁၁ဦးကို သတ်ဖြတ်ပြီး အမျိုးသမီးအချို့နှင့်သက်ကြီးရွယ်အိုတချို့အပါအဝင် ၂၃ဦး ဖမ်းဆီးသွားကြောင်းယောလူထုတိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားသည်။ သို့သော် ၁၃ဦးအား ယနေ့(မေ ၁၂ရက်)တွင် ပြန်လွတ်ပေးခဲ့ကြောင်း ယောအလင်းတန်းက ဖော်ပြထားသည်။ ဆက်လက်ဖမ်းဆီးခံရသူများတွင် အမျိုးသား ၇ ဦး အမျိုးသမီး ၃ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

“မနက်အစောကြီးဆိုတော့ ဘယ်သူမှ မသိလိုက်ရဘူး။တိုက်ပွဲလည်း မရှိဘူး။ဒီအတိုင်းဝင်စီးသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်စစ်ကြောင်းသည် ၇တန်း ကျောင်းသားတစ်ဦး၊ ကိုးတန်း ကျောင်းသားသုံးဦးအပါအဝင် အသက် ၁၂နှစ်မှ ၃၉နှစ်ကြား အမျိုးသား ၁၁ဦးကို သတ်ဖြတ်သွားသည်ဟု ပြောသည်။ သေဆုံးသူများတွင် ဒေသကာကွယ်ရေးရဲဘော်အချို့ပါဝင်သွားကြောင်း ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စီးနင်းခံရမှုမှာ အသက်(၁၂)နှစ်အရွယ် မောင်လျှံထွန်း၊မောင်မှိုင်းဝေ (၁၃)နှစ်၊မောင်ကျော်မြတ်သူ (၁၉)နှစ်၊မောင်မျိုးသီဟ (၁၅)နှစ်၊မောင်သီဟလင်း (၁၅)နှစ်၊ဂျွန်ကိုဝင်း (၁၉)နှစ်၊သက်ပိုင်ဦး (၂၃) နှစ်၊ကျော်စန်းခိုင်(၂၄)နှစ် မောင်ညီလေး(၂၇)နှစ်၊ မောင်နေလင်းဦး (၂၅)နှစ်၊ အောင်ကြည်မင်း (၃၉)နှစ်တို့ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

“အသတ်ခံရတဲ့အထဲကျောင်းတက်နေတဲ့ ၇ တန်းနဲ့၅တန်းကလေးတွေလည်း ပါတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် ခလရ(၅၀)တပ်ရင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်ကို မြို့ခံများက စိုးရိမ်နေကြသည်။

လယ်မရွာအခြေအနေနှင့်ပတ်သက်၍ ဂန့်ဂေါ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၂၆ရက်က ဂန့်ဂေါမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် ခလရ(၅၀)တပ်ရင်း၏ စစ်ကြောင်းက ပြည်သူ လေးဦး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

၂၀၂၄ ဖေဖော်ဝါရီ ၁၄ရက်ကလည်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် အနီးပတ်ဝန်းကျင်ရွာများ စစ်ကြောင်းထိုးစဉ် လူ ၁၀ ဦးသတ်ဖြတ်ခံရပြီး နေအိမ်တချို့ မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။