ဇူလိုင်-၅၊၂၀၂၅။ထားမြတ်/People’s Spring
ချင်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားမှု ကို ဆွေးနွေးဖြေရှင်းရန် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွာလ်ငိုးရမ်းနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) တို့ ယနေ့(ဇူလိုင် ၅)တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီက ပြောသည်။
နယ်မြေဆိုင်ရာအငြင်းပွားမှုနှင့်ပတ်သက်ပြီး ဇူလိုင် ၂ ရက်နေ့မှစတင်၍ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
CNDFနှင့် CDF ဟွာလ်ငိုးရမ်းတို့ဇူလိုင် ၅ရက်တွင် အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့၌ တွေ့ဆုံဆွေးနွေးမည်ဆိုသည်ကို CNDF ဘက်က အတည်ပြုပြီး သတင်းစကား ပြောကြားရန်မရှိသေးဟု ဆလိုင်းတင်မီက ပြောသည်။

Public Service Announcement
ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မီဇိုရမ်ဘက်မှ ကြားဝင်စေ့စပ်ပေးခဲ့သည်ဟုလည်း ဆလိုင်းတင်မီက အတည်ပြု ဖြေကြားသည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်သည် မျိုးနွယ်စုတူဖြစ်သော မြန်မာဘက်မှ ချင်းတိုင်းရင်းသား တော်လှန်ရေး အင်အားစု နှစ်ခုဖြစ်သော ချင်းပြည်ကောင်စီနှင့်ချင်းညီနောင်အကြား ညီညွတ်ရေး ဖြစ်ပေါ်လာစေရန် ယခင်ကလည်း ကြားဝင် စေ့စပ်ဆောင်ရွက်ပေးခဲ့သည်။ ယခု တိုက်ပွဲဖြစ်နေသည့် CNDFသည် ချင်းညီနောင် အဖွဲ့ဝင်ဖြစ်ပြီး CDF ဟွာလ်ငိုးရမ်းသည် ချင်းပြည်ကောင်စီ အဖွဲ့ဝင်ဖြစ်သည်။ မီဇိုရမ်ပြည်နယ်သည် စစ်တပ်အာဏာသိမ်းမှု နောက်ဆက်တွဲ အခြေအနေများကြောင့် မြန်မာဘက်မှအိန္ဒိယသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ချင်းဒေသခံများကို လက်ခံ ကူညီပေးလျက်ရှိသည်။
ချင်းညီနောင်နှင့်ချင်းပြည်ကောင်စီတို့ကလည်း ချင်းတိုင်းရင်းသားအချင်းချင်းအကြားပဋိပက္ခ ထပ်မံမဖြစ်ရေးအတွက် တွေ့ဆုံညှိနှိုင်းဖြေရှင်းရန် ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာချက် ထုတ်ပြန်ပြီး CNDFနှင့် CDF ဟွာလ်ငိုးရမ်းတို့ကို တိုက်တွန်းထားသည်။
CNDFနှင့် CDF ဟွာလ်ငိုးရမ်းတို့သည် ဇူလိုင် ၂ရက်နှင့် ၃ရက်နေ့များက ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ပြီး CDF ဟွာလ်ငိုးရမ်း ရဲဘော်အချို့ကို CNDFက ဖမ်းမိထားသည်။ ထိုသို့ ဖမ်းမိထားသည့် ရဲဘော်များသည် ညီအကိုအချင်းချင်းဖြစ်၍ ကောင်းမွန်စွာ ထားရှိဟု CNDF ဘက်က အသိပေးထားသည်။


















































