ဇူလိုင်-၆၊၂၀၂၅။ထားမြတ်/People’s Spring
ချင်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟွာလ်ငိုးရမ်းအကြား တိုက်ပွဲဖြစ်ပွားသည်ကို ဆွေးနွေးဖြေရှင်းရန် စီစဉ်ထားသည့် ဇူလိုင် ၅ရက်နေ့တွင် CDF-ဟွာလ်ငိုးရမ်း ထိန်းချုပ်ထားသည့် မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်ကို CNDFက သိမ်းပိုက်ခဲ့သည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသည့် ကြားဝင်ညှိနှိုင်ရေးအဖွဲ့က ဇူလိုင် ၂ရက်မှစ၍ ဖလမ်းမြို့နယ်အတွင်းတိုက်ပွဲဖြစ်နေသည့် CNDF နှင့် CDF ဟွာလ်ငိုးရမ်း တို့ကို တွေ့ဆုံဆွေးနွေးရန် စေ့စပ်ပေးခဲ့ရာ ဇူလိုင် ၅ရက်တွင် တွေ့ဆုံရန် စီစဉ်ခဲ့သည်။ဇူလိုင်၅ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမည့်ကိစ္စကို CNDF ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကအတည်ပြုခဲ့သည်။
သို့သော်ဇူလိုင် ၅ ရက်မနက်တွင် CNDFက ရိဒ်ခေါ်ဒါရ်မြို့ကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းရှိ ၊ မရှိကို အတည်မပြုနိုင်ဘဲ နှစ်ဖက်အဖွဲ့အစည်းတာဝန်ရှိသူများကို မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement
“တွေ့ဆုံဖို့ ပြင်ဆင်တာပေါ့။ ဒါပေမဲ့ CNDF တွေက ဒီမနက်မှာ ပြန်လည်ထိုးစစ်ဆင်ပြီးမှ ရိဒ်ခေါ်ဒါရ်မြို့ကို CNDFနဲ့ သူတို့ မဟာမိတ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။နယ်စပ်တံတား အဲဒီအထိ သိမ်းပိုက်နိုင်ခဲ့ပြီလို့ အခုဏ သတင်းကြားတယ်။” ဟု ချင်းသတင်းရင်းမြစ်က ဒေသခံများကို ကိုးကားပြီး ဇူလိုင် ၅ရက် ညနေပိုင်း၌ ပြောသည်။
CNDFဘက်တွင်၎င်း၏ မဟာမိတ်များ ပါဝင်ခြင်းရှိမရှိကို သီးခြားအတည်မပြုနိုင်ပေ။
တိုက်ပွဲများဖြစ်ပွားသဖြင့် ဒေသခံပြည်သူ ၃၀၀ ကျော်မှာ အိန္ဒိယ နိုင်ငံ မီဇိုရမ် ပြည်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း အိန္ဒိယသတင်းဌာန အချို့ကဖော်ပြသည်။
ရိဒ်ခေါ်ဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CAN)၊ CDF ဟွာလ်ငိုးရမ်း၊ PDF၊ CDF Zaniatram၊ CDF ထန်တလန် တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော ရိဒ်ခေါ်ဒါရ်မြို့သည် ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့် မြို့လည်းဖြစ်သည်။
အဆိုပါ ရိဒ်ခေါ်ဒါရ်မြို့ကို CNDFက သိမ်းပိုက်ခဲ့မှုကို CNDF ပါဝင်ဖွဲ့စည်းထားသည့်ချင်းညီနောင် အဖွဲ့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက အတည်ပြုသည်။ CDF ဟွာလ်ငိုးရမ်းဘက်က CNA နှင့် အခြားဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ ပါဝင်တိုက်ခိုက်ခဲ့ဟုလည်း ၎င်းက ပြောကြားသော်လည်းအဆိုပါအချက်အပေါ် People’s Spring က အတည်မပြုနိုင်ပေ။
ထို့ပြင်CNDFဒုဥက္ကဋ္ဌဆလိုင်းပီတာထန်းကလည်း ရိဒ်ခေါ်ဒါရ်မြို့ နယ်စပ်ဂိတ်တံတားတွင် ရောက်ရှိနေသည့် ဓာတ်ပုံမှတ်တမ်းကို ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းကလူမှုကွန်ရက်၌ဖော်ပြခဲ့သည်။
“လွတ်လပ်သွားတဲ့ မြို့တစ်မြို့ရဲ့ အလှချင်းတို့အားလုံးရဲ့မြို့”ဟု CNDF ဒုဥက္ကဌက ရေးသားထားသည်။
CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထံသို့လည်း မြို့သိမ်းပိုက်နိုင်မှု အခြေအနေကို People’s Spring ကဆက်သွယ်မေးမြန်းထား
သည်။ ဆလိုင်းတင်မီက ညီအကိုအချင်းချင်းဖြစ်သည့် ပြသနာကို ဆွေးနွေးညှိနှိုင်းဖြေရှင်းရန် အသင့်ရှိကြောင်း တိုက်ပွဲဖြစ်ပွားနေသည့် ပြီးခဲ့သည့် ရက်ပိုင်းက ပြောပြထားသည်။
ဇူလိုင် ၅ နေ့ကဖြစ်ပွားခဲ့သည့် CNDF၏ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးသူများ ရှိကြောင်း ချင်းညီနောင်အဖွဲ့မှ တော်လှန်ရေးအဖွဲ့ဝင် တဦးကပြောပြသကဲ့သို့ ချင်းပြည်ကောင်စီ အဖွဲ့မှ ချင်းသတင်းရင်းမြစ်တဦးကလည်း ပြောပြသည်။ အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
“CDF ဟွာလ်ငိုးရမ်းဘက်မှာလည်း များမယ်ထင်တယ်။ CNDF ဘက်မှာလည်းများမယ်ထင်တယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းပြည်ကောင်စီနှင့်ချင်းညီနောင် နှစ်ဖက်စလုံးက CDF ဟွာလ်ငိုးရမ်းနှင့် CNDF အကြား တိုက်ပွဲများ ဆွေးနွေးဖြေရှင်းရန် ကြေညာချက် ထုတ်ပြန်ထားသည့် အခြေအနေတွင် တိုက်ပွဲများ ဆက်ဖြစ်နေခြင်းလည်းဖြစ်သည်။
အကယ်၍ တိုက်ပွဲများဆက်ရှိပါကတဖက်နှင့်ဖက် အနိုင်အရှုံးရှိနိုင်သော်လည်းရာခိုင်နှုန်းနည်းကြောင်း၊ ညှိနှိုင်းရေးသည် နှေးကွေးနေသည့် အလုပ်မဖြစ်သည့် အနေအထားဖြစ်နေကြောင်းချင်း နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပြုသည်။
“တွေ့ဆုံ(CNDFနှင့် CDF ဟွာလ်ငိုးရမ်း မီဇိုရမ်ဆွေးနွေးပွဲ ) ဖြစ်၊ မဖြစ် မနက်ဖြန်လောက်မှ သိရမယ်” ဟုလည်း ချင်းနိုင်ငံရေးလေ့လာသူကဇူလိုင် ၅ ရက်ညကပြောသည်။
ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတို့သည် ကောင်စီတခုတည်းပေါင်းစည်းရေးဆွေးနွေးနေသည့် တော်လှန်ရေး အင်အားစုများဖြစ်ပြီးယခု နှစ်ဖက်အဖွဲ့ဝင် အချင်းချင်းအကြား တိုက်ပွဲဖြစ်ပွားနေမှု ကြောင့် ပေါင်းစည်းရေးဆွေးနွေးမှုများ ပိုမိုအခက်တွေ့နိုင်သည်ဟု ချင်းသတင်းရင်းမြစ်က သုံးသပ်ထားသည်။
တဖက်တွင် ချင်းပြည်ကောင်စီနှင့် ချင်းညီနောင် အဖွဲ့ဝင်များပါဝင်သော ချင်းတော်လှန်ရေးပူးပေါင်းတပ်သည် ကလေးမှ သိုင်းငင်းဘက်သို့ (တီးတိန်မြို့နှင့် ဖလမ်းမြို့ဘက်သို့ ဦးတည်) အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို တိုက်ပွဲ တစ်လခွဲကျော်အကြာ ဇူလိုင် ၅ရက် ညနေပိုင်း၌ပင် စစ်တပ်စစ်ကြောင်းများ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ် ကာလအတန်ကြာ တပ်စွဲထားသည့် ကလေး-သိုင်းငင်းကြား မွှာလ်ပီးရွာရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ဇူလိုင် ၅ ရက်နေ့ညနေပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာစစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိထားဟု ချင်းသတင်းရင်းမြစ်က ပြောပြသည်။
