ဇော်ရမ်း၊ထားမြတ်/People’s Spring
မြန်မာ-ထိုင်းနယ်စပ်မှ သုခစစ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ဇူလိုင် ၇ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
“မနေ့က တိုက်ပွဲတစ်ရက်ဖြစ်ပြီး သူတို့ စကစတွေ ထွက်ပြေးကုန်တယ်။ အဲဒီစခန်းက ခေါ်တာက သုခစခန်း။ ထားဝယ်အရှေ့ဘက်က နယ်စပ်ပေါ့။” ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။
ဧပြီ၊ မေနှင့်ဇွန်လအတွင်းက KNU တပ်မဟာ(၄)နယ်မြေရှိ ထီးထ၊ထီးခီး၊ ဘောဒီ၊ ငါးရံ့နီ စသည့် နယ်စပ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး ယခု ဇူလိုင်လတွင် အင်အား ၃၀ ခန့်ရှိ သုခ စစ်ကောင်စီစခန်းကို ထပ်မံ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“ကျနော်တို့လူတွေကတပ်ရင်း(၁၀)နဲ့တပ်ရင်း(၂၇) ၀ိုင်းထားပြီးတော့ မနေက စတိုက်တယ်။ စတိုက်ပြီး တရက်အတွင်းမှာ စကစက ထိုင်းဘက် အကုန်လုံးထွက်ပြေးတယ်” ဟု ပဒိုစောအယ်နားက ပြောသည်။
တနင်္သာရီတိုင်း အခြေစိုက် မြေပြင်စစ်ရေးသတင်းရင်းမြစ်ကလည်း”စစ်တပ်ကကောင်တွေထုံးစံအတိုင်း ထိုင်းဘက်ကို ထွက်ပြေးသွားတယ်။လက်နက်ခဲယမ်းရတာရှိတယ်”ဟု ပြောသည်။
ယခု စစ်ဆင်ရေးကို ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)နှင့် PDF ပူးပေါင်းတပ်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် KNU တော်လှန်ရေးပူးပေါင်းတပ်တို့သည် တနင်္သာရီ -မောတောင်လမ်း၌လည်း ယခုနှစ်အတွင်းတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
မောတောင်နယ်စပ်လမ်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်လာရာ KNU ပူးပေါင်းတပ်ကခုခံတိုက်ခိုက်နေ၍ ၆လကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သည် တနင်္သာရီ မြို့နယ် သိန်ခွန်းရွာမှရှေ့မတိုးနိုင်ဘဲ ရှိနေသည်ဟုဆိုသည်။
မောတောင်လမ်း တိုက်ပွဲမှ စစ်ကောင်စီတပ်သားများလည်း KNLA ပူးပေါင်းတပ်ထံ အလင်းဝင်ရောက်မှုများ ရှိရာ ယခု ဇွန်လအတွင်း၌ပင် စစ်ကောင်စီတပ်သား ၆ဦးထက်မနည်း လက်နက်များယူလာပြီး KNLAထံ အလင်းဝင်ခဲ့ကြသည်။


















































