ဇူလိုင် – ၁၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
စစ်ကိုင်းမြို့နယ် ၊ မင်းကွန်းမြောက်ဘက်ခြမ်းရှိ ချောင်းမကြီးကျေးရွာဘက်ဆီ စစ်ကောင်စီတပ် က စစ်ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသတော်လှန်ရေးအဖွဲ့တွေထံကနေသိရပါတယ်။
မင်းကွန်းနဲ့ကပ်လျက်ရှိတဲ့ ချောင်းမကြီးရွာဘက်ကို ဇူလိုင် ၉ရက်ကစတင်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာပါ။
” ထိတွေ့မှုတော့ ကာတာပြုတာလောက်တော့ရှိတယ်၊ တော်လှန်ရေးဘက်ကတော့ ထိခိုက်တော့မရှိဘူး”လို့ မင်းကွန်းဒေသရဲ့ စစ်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement
ဒီနေ့မနက်ပိုင်း ၁၁ နာရီ မှာ ဆိုရင်လည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ဝင်က အသိပေးပါတယ်။
စစ်ကြောင်းထိုးလာတဲ့ တပ်ဟာ မင်းကွန်းမှာအထိုင်ချထားတဲ့တပ်လည်းဖြစ်တယ်လို့သိရပါတယ်။
မင်းကွန်းနယ်ကို စစ်ကြောင်းထိုးတဲ့အပြင် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ ငယ်တိုးကျေးရွာကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့သိရပါတယ်။
” မနေ့ည(ဇူလိုင် ၁၀ ရက်) ကဆိုရင် အိမ်ပါတုန်တယ်၊ ကောင်းကင်မှာ မီးရောင်တွေဖြာထွက်နေတာ၊ ကပ်နေတော့ ပြေးဖို့ကိုစီစဥ်နေတာ”လို့ စစ်ကိုင်းမြို့ပေါ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။
မင်းကွန်းဘက်ကခြမ်းကနေ လက်နက်ကြီးပစ်ခတ်သံတွေဟာ မန္တလေးမြို့အနောက်ခြမ်းရှိ စိန်ပန်း၊ ကန်တော်ကြီး၊ မြောက်ပြင်စတဲ့နေရာတွေမှာ အသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မင်းကွန်းမြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ် မကြာခဏ ဆိုသလို စစ်ကြောင်းထိုးလေ့ရှိပါတယ်။
စစ်ကြောင်းထိုး ချိန် မင်းကွန်းတောင်ရွာ၊ ကင်းရွာ၊ ချောင်းမကြီးစတဲ့ကျေးရွာကို မီးရှို့ဖျက်ဆီးတာတွေရှိခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။


















































