Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီရဲ့ ​ရွေး​ကောက်ပွဲကာကွယ်ပေးရေးဥပ​ဒေ ပြည်သူ​တွေကို အ​ကြောက်တရားရိုက်သွင်းမှု၊အကြပ်ကိုင်မှုအဖြစ် ဒီမိုက​ရေစီအင်အားစု​တွေရှုမြင်

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားသူတွေကို အနည်းဆုံး ထောင်ဒဏ် ၃နှစ်ကနေ အများဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို ဇူလိုင် ၂၉ရက် မနေ့က ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ကျင့်သုံးမယ့် မဲပေးစနစ်ကို စမ်းသပ်နေကြစဥ်။ ဓာတ်ပုံ - CINCDS၊ စကစ

ဇူလိုင်-၃၀၊ ၂၀၂၅။ People’s Spring

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားသူတွေကို အနည်းဆုံး ထောင်ဒဏ် ၃နှစ်ကနေ အများဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို ဇူလိုင် ၂၉ရက် မနေ့က ရက်စွဲနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။

စစ်ကောင်စီဟာ အဲဒီဥပဒေကို ‘ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ လို့ အမည်ပေးထားပြီး ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကို တားဆီးနှောင့်ယှက်ခြင်းကနေ ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အဲဒီဥပဒေရဲ့ ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲမကျင်းပမီ စည်းရုံးရေးကာလအတွင်း မဲဆွယ်စည်းရုံးမှုတွေကို နှောင့်ယှက်ဟန့်တားခြင်းကနေ ကာကွယ်ဖို့၊ ဆန္ဒမဲပေးသူတွေ စိတ်ချလုံခြုံစွာ မဲပေးနိုင်ဖို့၊ မဲရုံတာဝန်ကျသူတွေ လုံခြုံမှုအပြည့်နဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့ စတဲ့အချက်တွေကိုလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ကျင့်သုံးမယ့် မဲပေးစနစ်ကို စမ်းသပ်နေကြစဥ်။ ဓာတ်ပုံ – CINCDS၊ စကစ

ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကိုဖြစ်စေ ဒါမှမဟုတ် လုပ်ငန်းစဥ်ရဲ့ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ပျက်ပြားစေဖို့ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ဒါမှမဟုတ် စာရေးသားဖြန့်ချိခြင်း စတာတွေကို ကန့်သတ်တားမြစ်ထားပြီး ကျူးလွန်သူတွေကို ထောင်ဒဏ် ၃နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ စစ်ကောင်စီရဲ့ ဥပဒေက ဆိုပါတယ်။ စစ်ကောင်စီရဲ့ အဲဒီဥပဒေမှာ ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ၊ ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ၊ ထောင်ဒဏ် ၁၅ နှစ်ကနေ ထောင်ဒဏ်တစ်သက် ချမှတ်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေလည်း ပါပါတယ်။

Public Service Announcement

Public Service Announcement

လူသေဆုံးမှုဖြစ်ပေါ်ရင် ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ အဲဒီဥပဒေမှာ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နဝတ/နအဖ စစ်အစိုးရ ကြီးမှူးပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးမှူးပြုလုပ်တဲ့ ၂၀၁၅ ရွေးကောက်ပွဲတို့ကို ပါဝင်ယှဥ်ပြိုင်ခဲ့ဖူးတဲ့ လွှတ်တော်အမတ်ဟောင်းတစ်ဦးကတော့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲသမိုင်းတစ်လျှောက်မှာ အခုလို ပြင်းထန်တဲ့၊ ရွေးကောက်ပွဲအတွက် သီးခြားပြဋ္ဌာန်းတဲ့ ဥပဒေမျိုးမရှိခဲ့ဖူးဘူးလို့ People’s Spring ကို ပြောပါတယ်။ တနည်းအားဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အခုလုပ်ဆောင်မှုဟာ ဥပဒေအမည်တပ်ထားပေမယ့် ဥပဒေမဟုတ်ဘဲ အကြောက်တရားရိုက်သွင်းတာ သပ်သပ်ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။

“ဥပဒေဆိုတာ အများပြည်သူလိုက်နာနိုင်ရမယ်၊ မျှတရမယ်။ အခုဟာက ဥပဒေလို့ တပ်ထားပေမယ့် အမိန့်ညွှန်ကြားချက်လိုပဲ။ မလိုအပ်တာကြီး ပြဋ္ဌာန်းလိုက်တာ။ အင်မတန်ပြင်းထန်လွန်း အားကြီးတယ်” လို့ ရွေးကောက်ပွဲနှစ်ကြိမ်အနိုင်ရရှိသူ လွှတ်တော်အမတ်ဟောင်းက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ချင်လွန်းပြီး သူ့လမ်းကြောင်းမှာ နှောင့်ယှက်သူတွေကို ဖယ်ရှားရှင်းလင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပြဋ္ဌာန်းတာလို့လည်း သူက ဆက်လက်မှတ်ချက်ပြုပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲအဆက်ဆက်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဥပဒေပြဋ္ဌာန်းချက်တွေ ရှိပေမယ့် အခုလိုမျိုး ပြင်းထန်တဲ့ ဥပဒေမျိုး မရှိဖူးကြောင်းနဲ့ လက်ရှိအခြေအနေမှာ တော်တော်ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“သူတို့(စစ်အုပ်စု)အတွက် နောက်ဆုံးထွက်ပေါက်လို့ ယူဆပြီး လုပ်ဆောင်နေပုံရတယ်”လို့ ဦးအောင်မိုးဇော်က သုံးသပ်ပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါတီစုံအထွေထွေရွေးကောက်ပွဲမဟုတ်ဘဲ စစ်ခေါင်းဆောင်တွေ အချင်းချင်း ရွေးချယ်ပွဲသာဖြစ်တယ်လို့ သူက ဆိုပါတယ်။

စစ်အုပ်စုဟာ လူဆန်တဲ့ ပုဂ္ဂိုလ်တွေမဟုတ်ဘဲ သူတို့ လုပ်ချင်တာတွေ ရှေ့ဆက်လုပ်ဆောင်နိုင်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်သွားလိမ့်မယ်လို့ ဦးအောင်မိုးဇော်က မှတ်ချက်ပြုပါတယ်။

“သူတို့ကို နှောင့်ယှက်တယ်၊​ဖျက်ဆီးတယ်လို့ အကြောင်းပြပြီး ဒီမိုကရေစီအင်အားစုတွေ၊ လူငယ်တွေကို နည်းသဏ္ဍန်ပေါင်းစုံနဲ့ ခြိမ်းခြောက်၊ နည်းသဏ္ဍန်ပေါင်းစုံနဲ့ အကြပ်ကိုင်၊ နည်းသဏ္ဍန်ပေါင်းစုံနဲ့ ဟန့်တားဖို့ ကြိုးစားနေတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်လို့ ကျွန်တော်တော့ အဲဒီလိုပဲ မြင်ပါတယ်ဗျ” လို့ သူက People’s Spring ကို ပြောပါတယ်။

စစ်ကောင်စီက အခုလို ရွေးကောက်ပွဲဆိုင်ရာဥပဒေပြဋ္ဌာန်းလာတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်ကော်မတီက ဦးထွန်းမြင့်က အကြမ်းဖက်စစ်ကောင်စီထုတ်ပြန်တဲ့ မည်သည့်အမိန့်အာဏာညွှန်ကြားပြဌာန်းချက်မဆို တရားဥပဒေနဲ့အညီ လုပ်ဆောင်တာမဟုတ်ဘဲ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ထုတ်ပြန်တာပဲဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“စစ်အာဏာရှင်အမြတ်ပြတ်ချေမှုန်းရေးလုပ်နေတဲ့ မည်သူမဆို လိုက်နာစရာ အကြောင်းမရှိဘူးလို့ ပြောချင်တယ်။ စစ်အာဏာရှင်ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ရလဒ်ဟာလည်း လုံးဝတရားဝင်မှုမရှိဘူးလို့ပြောချင်ပါတယ်” လို့ ဦးထွန်းမြင့်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အတုအယောင်တရားမဝင်ရွေးကောက်ပွဲအဖြစ် ရှုမြင်သတ်မှတ်ထားကြပြီး အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက အသိအမှတ်မပြုဖို့ တောင်းဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲကို မဲမပေးဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၂) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုအနေနဲ့ နှစ်လအတွင်းမှာ ကျပ်ငွေ ၁၅ သိန်းခန့် အသုံးပြုပြီး Money Flow လှုပ်ရှားမှု ပြုလုပ်ထားတယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်